ဘူရန်ဒီနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူပေါင်း ၈၇ ဦးသေဆုံး

ဘူရန်ဒီနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူပေါင်း ၈၇ ဦးသေဆုံး

ဘူဂျမ်ဘူရာ၊ ဒီဇင်ဘာ ၁၃ ။           ။ ဘူရန်ဒီနိုင်ငံရှိ စစ်စခန်းသုံးခုတွင် ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၈၇ ဦးရှိပြီဖြစ်ကြောင်း စစ်တပ်က ပြောသည်။

သေဆုံးသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦးပါဝင်ကြောင်း၊ ၄၉ ဦးကို ဖမ်းဆီးရမိထားကြောင်း ဗိုလ်မှူး ဂါစပတ်ဘာရာတူဇာက ပြောသည်။

လမ်းများပေါ်တွင် လူသေအလောင်း ၃၄ လောင်းကို မြို့တော်ဘူဂျမ်ဘူရာ၌ နေထိုင်သူများက တွေ့ရကြောင်းပြောပြီး ရဲများက လက်စားချေသတ်ဖြတ်ထားခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။  

သေဆုံးသူများတွင် စစ်သားများပါဝင်သည် မပါဝင်သည်ကို သေချာရှင်းလင်းစွာ မသိရသေးကြောင်း ဆိုသည်။

မတည်ငြိမ်မှုများက ဧပြီလမှစကာ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သမ္မတ ပီယားနာရန်ဇီဇာက ဇူလိုင်လ အငြင်းပွားဖွယ် ရွေးကောက်ပွဲဖြင့် အနိုင်ရပြီး တတိယမြောက်သက်တမ်း ထမ်းဆောင်မည်ကြေညာလိုက်ပြီးနောက် ဆန္ဒပြ ဆူပူမှုများ ဆက်တိုက်ဖြစ်ပွား လာခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်ကမူ မတည်ငြိမ်မှုများ စတင်ဖြစ်ပွားချိန်မှစကာ အဆိုးဆုံးသော အကြမ်းဖက်မှုများဖြစ်သည်။ ယင်းနေ့၌ နာဂါရာ၊ မူဆာဂါနှင့် မူဂျီဂူရူအရပ်များရှိ စစ်တပ်တပ်ရင်း သုံးခုသို့ လက်နက် အင်အားအပြည့်ဖြင့် တိုက်ခိုက်ရေးသမားများက ပူးပေါင်းကာ နံနက်အစောပိုင်းကနေ၍ စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required