“ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူ ဖြစ်သင့်သလဲ ”

“ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူ ဖြစ်သင့်သလဲ ”

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ် အသတ် အနိုင်ရပြီးနောက် အခုဆိုရင် လွှတ်တော်အသစ် ခေါ်ယူရေးကိစ္စ၊ အစိုးရအဖွဲ့ တာဝန်လွဲှပြောင်း ရယူ ရေးကိစ္စတွေ တစ်ဆင့်ပြီးတစ်ဆင့် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ပေါ်လာနေတာ တွေ့ရပါတယ်။ ဒီလို ဖြစ်ပေါ်နေစဉ်မှာပဲ ရခိုင်တိုင်းရင်းသားတွေဆီက ထွက်ပေါ်လာတဲ့ အသံတစ်ခုကတော့ နောင်အစိုးရအဖွဲ့ ဖွဲ့တဲ့ အခါ ရခိုင်ဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စပါ။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲမှာ အမတ်အများဆုံး အနိုင်ရတဲ့ ရခိုင် အမျိုးသားပါတီဟာ ရခိုင်ဝန်ကြီးချုပ် တာဝန်အတွက် သူတို့ပါတီက အမတ်တစ်ယောက်ကို ပေးသင့်တယ် ဆိုပြီး အရေးဆိုနေတာ ဖြစ်ပါတယ်။ ရခိုင်ဝန်ကြီးချုပ် ဘယ်ပါတီက ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အရကတော့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတကပဲ ခန့်အပ်တာပါ။ ဒါပေ မယ့် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမယ့်သူဟာ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်မှာ အမတ်အဖြစ် အနိုင်ရ ထားသူ၊ လွှတ်တော်ထဲ ရောက်နေသူ ဖြစ်ဖို့တော့ လိုပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အ ဖြစ် တာဝန်ယူလိုတဲ့၊ ဒါမှမဟုတ် လျာထားခံရတဲ့ သူတစ်ချို့ ရခိုင်ပြည်နယ် လွှတ်တော်အတွက် ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ အဲဒီမှာ ပြည်ခိုင်ဖြိုးပါတီက ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့လည်း ပါဝင်ပါတယ်။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ပြည်သူတစ်ချို့ မှတ်မိကြပါဦးမယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ကာလတွေတုန်းက ဖွဲ့စည်းပုံ ပြင်ရေး လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီး အဲဒီထဲမှာ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စကို ပြင်ဆင်ဖို့ အဆိုတင်ခဲ့ကြပါတယ်။ နဂို ဖွဲ့စည်းပုံမှာ ပါတာက ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတကပဲ ခန့်အပ်ရ မယ်၊ အဲလို သမ္မတက ခန့်အပ်တဲ့လူဟာ ဝန်ကြီးချုပ် အရည်အချင်းနဲ့ မပြည့်မီဘူးလို့ သက်သေထင်ရှား မပြ နိုင်ရင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးရမယ်ဆိုပြီး ပါပါတယ်။

ဒီ ပြဌာန်းချက်နေရာမှာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည် နယ်လွှတ်တော် အမတ်တွေကပဲ မဲပေး ရွေးချယ်ကြရမယ်၊ အဲဒီ ရွေးချယ်လိုက်တဲ့သူကို သမ္မတက ခန့်အပ်ပေး ရမယ်ဆိုပြီး ဖြစ်ပါတယ်။ ဒီ ပြင်ဆင်ချက်အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲက အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားပါတီနဲ့ ပါတီပေါင်းစုံက ရွေးကောက်ခံ အမတ်တွေအားလုံးက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်သား အမတ်တွေက သဘောမတူတဲ့အတွက် ဖွဲ့စည်းပုံကို မပြင်နိုင်ခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အခု တက်လာမှာဟာ အင်န်အယ်လ်ဒီ အစိုးရဖြစ်ပြီး သမ္မတကလည်း ဒေါ်အောင် ဆန်းစုကြည်က ခန့်အပ်တဲ့သူ သမ္မတ ဖြစ်လာမှာပါ။ ဒီနေရာမှာ ဖွဲ့စည်းပုံနဲ့လည်း ညီအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပုံစံလည်း ပေါ်အောင်ဆိုရင် ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်ရာထူးနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းလွှတ်တော်က ရွေးချယ်တဲ့ အမတ်ကို အင်န်အယ်လ်ဒီ သမ္မတက ခန့်အပ်ပေးတာမျိုး လုပ်လို့ရပါတယ်။ ဒါပေမယ့် ပြောလို့သာ ပြောရ၊ လက်ရှိ ရွေးကောက်ပွဲ ရာလာဒ်တွေအရ ပြည်နယ်နဲ့တိုင်း လွှတ်တော် ၁၄ ခုအနက် လွှတ်တော် ၁၁ ခုမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က အများစုနေရာ ရထားတာပါ။ ဒါဟာ နောင်ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ ရောက်လာမယ့် တပ်မ တော်သား အမတ်တွေကိုပါ ထည့်တွက်ထားပြီးသား ဖြစ်ပါတယ်။ ရခိုင်၊ ရှမ်း ပြည်နယ်မှာ အင်န်အယ်လ်ဒီက အမတ်အများစု အနိုင်မရပါဘူး။ ချင်းပြည်နယ်မှာတော့ တပ်မတော်သား အမတ်တွေ လွှတ်တော်ထဲ ဝင်လာ ရင် အင်န်အယ်လ်ဒီအမတ် အချိုးအစားဟာ အမတ် စုစုပေါင်းရဲ့ တစ်ဝက်တိတိ ရှိနေတာ တွေ့ရပါတယ်။

ဒီစနစ်အတိုင်း ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်မှာ ဘယ်လိုအခြေအနေ ရှိမလဲ၊ ကြည့်ရ အောင်ပါ။ ပြီးသွားတဲ့ ရွေးကောက်ပွဲ ရခိုင်ပြည်နယ် လွှတ်တော်အတွက် လူမျိုးစု အမတ်တစ်ယောက် အပါအ ဝင် အမတ် စုစုပေါင်း ၃၅ နေရာ ရွေးကောက်ပွဲ လုပ်ပါတယ်။ တပ်မတော်သား အမတ် ၁၂ ယောက် ရောက်လာရင် ရွေးကောက်ပွဲအပြီး ရခိုင်လွှတ်တော်ထဲမှာ အမတ်အရည်အတွက် စုစုပေါင်း ၄၇ ယောက် ရှိနေပါလိမ့်မယ်။ ရွေးကောက်ပွဲ ရလာဒ်မှာတော့ ရခိုင်အမျိုးသားပါတီဟာ ၂၂ ယောက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၉ ယောက်၊ ပြည်ခိုင်ဖြိုးပါတီက ၃ ယောက်နဲ့ တစ်သီးပုဂ္ဂလ ၁ ယောက် ရွေးချယ်ခံရပါတယ်။ ဒါကို ကြည့်ရင် ပါတီတစ်ခု ရခိုင်လွှတ်တော်ထဲမှာ လွတ်လွတ်ကျွတ်ကျွတ် အများစုဖြစ်ဖို့ အမတ်နေရာ ၂၄ ယောက် လိုပါလိမ့်မယ်။ ရခိုင်အမျိုးသားပါတီဟာ အမတ်အများဆုံး အနိုင်ရတဲ့ပါတီ ဖြစ်ပေမယ့် စုစုပေါင်း ၂၂ ယောက် ပဲ ရှိနေပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်စဉ်က တင်ပြထားတဲ့ ပုံစံအတိုင်း ရွေးချယ်ခဲ့ရင်တောင် ဝန်ကြီးချုပ် တာ ဝန်အတွက် အမတ် ၂ နေရာ လိုနေပါလိမ့်မယ်။ ဒီအတွက် ရခိုင်လွှတ်တော်ထဲက အင်န်အယ်လ်ဒီ ဒါမှမ ဟုတ် ပြည်ခိုင်ဖြိုး၊ ဒါမှမဟုတ် တပ်မတော်သား အမတ်တစ်ဖွဲ့ဖွဲ့က ထောက်ခံလိုက်ရင် ဝန်ကြီးချုပ်နေရာ ရပါပြီ။

လက်ရှိ အင်န်အယ်လ်ဒီပါတီက တစ်ယောက်ယောက် သမ္မတ ဖြစ်ရမယ်လို့ သေခြာပေါက် ပြောနိုင် တာဟာ အသစ် ဖွဲ့စည်းမယ့် ပြည်ထောင်စု လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေ ဝင်လာတဲ့တိုင် အင်န်အယ်လ်ဒီ အမတ်တွေရဲ့ အရည်အတွက်ဟာ လွတ်လွတ်ကျွတ်ကျွတ်ကြီး တစ်ဝက်ကျော် အရည်အ တွက် ရှိနေလို့ ခုလို ပြောနိုင်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ရခိုင်အမျိုးသားပါတီ အနိုင် ရမှုဟာ အင်န်အယ်လ်ဒီက ပြည်ထောင်စု လွှတ်တော်မှာ အနိုင်ရတဲ့ ပုံစံနဲ့ မတူပါဘူး။ တပ်မတော်သား အမတ်တွေ ဝင်လာရင် ထက်ဝက်ကျော် အနေအထားရောက်ဖို့ အမတ်၂ နေရာ၊ နည်းနည်းလေး လိုအပ်ချက် ရှိသွားတာ ဖြစ်ပါတယ်။ ဒီအတွက် ရခိုင်ဝန်ကြီးချုပ်နေရာ ရခိုင်အမျိုးသားပါတီက ရသင့် မရသင့် အင်န်အ ယ်လ်ဒီ နဲ့ ညှိနှိုင်းပြီး ဖြစ်စေ၊ ဒါမှမဟုတ် ရခိုင်ပြည်နယ် လွှတ်တော်ခေါ်တဲ့အချိန် လွှတ်တော်တွင်း မဲခွဲပြီးဖြစ် စေ ဆောင်ရွက်မှသာ အဖြေပေါ်မယ့် ကိစ္စ ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly