ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲ

ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲ

ဘီယတ်၊ ဒီဇင်ဘာ ၁၂ ။           ။ ဂမ်ဘီယာနိုင်ငံ သမ္မတ ယာဟာဂျာမတ်ရှ်က မွတ်စလင်အများစုရှိရာ ယင်းနိုင်ငံအား အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလဲကြေညာလိုက်သည်။ ကိုလိုနီအတိတ်ဟောင်းကို ချေဖျက်ခြင်းအဖြစ် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

ဂမ်ဘီယာနိုင်ငံ၏ ဘာသာရေးတစ်သားတည်းရှိခြင်းနှင့် စံတန်ဖိုးတို့အရ ယခုကဲ့သို့ အစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် သမ္မတ ဂျာမတ်ရှ်က ပြောသွားသည်။

အခြားသောကိုးကွယ် ယုံကြည်မှုများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုမှာပင်ဖြစ်ပြီး မည်သည့်စည်းမျဉ်း တင်းကျပ်မှုမျှ ရှိမည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဂမ်ဘီယာနိုင်ငံသည် လူဦးရေ ၉၀ ရာခိုင်နှုန်းက မွတ်စလင်များဖြစ်ကြသည်။ ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံဖြစ်ပြီး ခရီးသွားလုပ်ငန်းအပေါ် အလွန်မှီခိုပြုနေရသည့် နိုင်ငံဖြစ်သည်။

သို့သော် အနောက်နှင့် ဆက်ဆံရေးအခြေအနေကမူ ခပ်တန်းတန်းပင် ရှိနေသည်။

ဂမ်ဘီယာနိုင်ငံ၏ လူအခွင့်အရေးညံ့ဖျင်းခြင်း စံချိန်တင်မှုကြောင့် ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂက ကူညီပေးရေးငွေကြေးများ ယာယီအားဖြင့် ထုတ်မပေးဘဲ ထားခဲ့သည်။

"နိုင်ငံမှာက မွတ်စလင်က အများစုပါ။ ကိုလိုနီအမွေကို ဆက်ပြီး ရှိမနေချင်တော့ပါ။"ဟု အနောက်အာဖရိက နိုင်ငံငယ်တစ်ခုဖြစ်သော ဂမ်ဘီယာနိုင်ငံ၌ ၂၁ နှစ်ကြာ သမ္မတအာဏာယူထားသူ ဂျာမတ်ရှ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required