အိန္ဒိယက ဂျပန်၏ ကျည်ဆန်ရထားကို ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် နျူဆက်ဆံရေး နက်ရှိုင်းလာ

အိန္ဒိယက ဂျပန်၏ ကျည်ဆန်ရထားကို ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် နျူဆက်ဆံရေး နက်ရှိုင်းလာ

နယူးဒေလီ၊ ဒီဇင်ဘာ ၁၂ ။             ။ ဂျပန်သည် အိန္ဒိယ၏ ပထမဆုံးကျည်ဆန်ရထားကို တည်ဆောက်ရန် သက်သာသောနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၂ဘီလျံကို အိန္ဒိယသို့ ချေးပေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံက ကြေညာခဲ့သည်။ ယင်းသို့အခြေအနေက နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် အရပ်ဘက်နျူကလီးယားဆက်ဆံရေး ပိုမိုနက်ရှိုင်းလာ   ခြင်းလည်း ဖြစ်သည်။

အာရှတွင် တရုတ် အင်အားကြီးမားလာမှုကို ချိန်ခွင်လျှာမျှရန် အာဘေးနှင့် အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီတို့က ကြိုးပမ်းနေစဉ် အာရှ၏ ဒုတိယနှင့် တတိယအင်အားအကြီးဆုံးနှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မာလာခြင်းလည်း ဖြစ်သည်။ ဝန်ကြီးချုပ်နှစ်ဦးစလုံးမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိသော အမျိုးသားရေးဝါဒီများဖြစ်သည်။ အိန္ဒိယ၏ ဘဏ္ဍာရေးဗဟို မွမ်ဘိုင်းနှင့် အာမက်ဒါဘက်မြို့ကြား   မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရေးသဘောတူညီချက်က အိန္ဒိယ၏ ရထားကွန်ရက်၏ အခြားအစိတ်အပိုင်းများတွင်   မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေး   ဖြစ်နိုင်ခြေများကို   လေ့လာမှုပြုလုပ်နေသော တရုတ်အပေါ် ဂျပန်က စောစီးစွာဦးဆောင်နိုင်သွားသည်။

"ဒီလုပ်ငန်းက အိန္ဒိယရထားလောကကို တော်လှန်ပစ်လိုက်တာဖြစ်ပြီး အနာဂါတ်ကာလထဲသွားမဲ့ အိန္ဒိယရဲ့ခရီးကို အရှိန်မြင့်လိုက်တာလည်းဖြစ်တယ်။ ဒါဟာ အိန္ဒိယစီးပွားရေးအသွင်ပြောင်းလဲမှုရဲ့ အင်ဂျင်တစ်ခုဖြစ်လာပါလိမ့်မယ်"ဟု မိုဒီကပြောသည်။ ဒီဇင်ဘာ ၁၂က ကြေညာခဲ့သော ကာကွယ်ရေးသဘောတူညီချက်များအရ နှစ်နိုင်ငံသည် နည်းပညာ၊ တပ်ဆင်တည်ဆောက်မှုနှင့် စစ်ရေးသတင်းအချက်အလက်မျှဝေကြမည်ဖြစ်သည်။ သို့သော်လည်း အမေရိကန်ဒေါ်လာ ၁ဒသမ၁ဘီလျံတန်သဘောတူညီမှုတစ်ခုတွင် ကြာရှည်စွာစောင့်နေခဲ့သည့် ဂျပန်လေယာဉ်ရောင်းချမှုမှာ အပြီးမသတ်သေးပေ။

အလားတူ အရပ်ဘက်နျူကလီးယားနည်းပညာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသော်လည်း နည်းပညာကွာဟချက်ကြီးမားနေသေး၍ လက်မှတ်မထိုးရသေးပေ။  နျူကလီးယား တိုက်ခိုက်မှုကို ခံခဲ့ရသော တစ်ခုတည်းသောနိုင်ငံဖြစ်သည့် ဂျပန်သည် ၎င်း၏ နျူဓါတ်ပေါင်းဖိုများ မတင်ပို့မီ နောက်ထပ်မပျံ့ပွားရေးအတွက် အိန္ဒိယထံမှ အာမခံချက်များလည်း တောင်းဆိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required