ပါရီတွင် ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက် မူကြမ်းပါအကြောင်းအရာများ သဘောတူညီမှုရ

ပါရီတွင် ရာသီဥတု ပြောင်းလဲမှု သဘောတူညီချက် မူကြမ်းပါအကြောင်းအရာများ သဘောတူညီမှုရ

ပါရီ၊ ဒီဇင်ဘာ ၁၂ ။         ။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများအတွင်း သီတင်းနှစ်ပတ်နီးပါးကြာ အကြိတ်အနယ် ညှိနှိုင်းမှုများနောက်ပိုင်း ယခုအခါ နောက်ဆုံးမူကြမ်းပါ အကြောင်းအရာများကို သဘောတူညီမှုရရှိခဲ့ပြီဟု ဆွေးနွေးပွဲစီစဉ်သူများက ဆိုသည်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ မူကြမ်းကို ဝန်ကြီးများထံသို့ တင်ပြသွားတော့မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပြုထားသည့် သဘောတူညီမှုအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်းမရှိသေးပေ။

ယခုမှာ မူကြမ်းအဆင့်သာ ရှိသေးပြီးအတည်ပြုပြဌာန်းနိုင်ရန် အလှမ်းဝေးနေသေးကြောင်း နှင့် အတည်ပြုသည့်လုပ်ငန်းစဉ်မှာလည်း ဒီဇင်ဘာ ၁၂ ရက် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ကန့်ကွက်မှုမရှိခဲ့မှသာ ပြီးစီးနိုင်ကြောင်း အကဲဖြတ်များက သုံးသပ်ကြသည်။

သို့သော် ပါရီမြို့ ဆွေးနွေးမှုများအတွင်း အခက်အခဲမေးခွန်းများလည်းရှိနေခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မတူညီသည့် နိုင်ငံများအားလုံးကို ယင်းနိုင်ငံများ၏ ချမ်းသာကြွယ်ဝမှု နှင့် ဖွံ့ဖြိုးမှုအဆင့်တို့အပေါ်မူတည်၍ လိုက်နာရမည့်အချက်များကို မည်ကဲ့သို့ တောင်းဆိုသွားရမည်ဆိုသည့် မေးခွန်းမှ ဆွေးနွေးမှုများအတွင်း အဓိကရင်ဆိုင်နေရ သည့် ပြဿနာရင်းမြစ်တစ်ခုပင်ဖြစ်သည်။

အခြားသော အဓိကအခက်အခဲတစ်ရပ်မှာ ပွင့်လင်းမြင်သာမှုနှင့် သက်ဆိုင်နေပြီး ယခုသဘောတူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံများ လိုက်ပါလုပ်ဆောင်ရမည့် ကတိကဝတ်များကို တိုင်းတာခြင်း၊ တင်ပြခြင်း နှင့် အတည်ပြုခြင်း တို့နှင့် ပတ်သက်၍ နည်းလမ်းတစ်ခုတည်းကိုသာ ချမ်းသာကြွယ်ဝသော နိုင်ငံများက အလိုရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ပါရီတွင် လက်ရှိ ညှိနှိုင်းနေသည့် အဖွဲ့များက ဆက်လက်၍ အတူတကွ နီးကပ်စွာ လုပ်ဆောင်လျက်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

နိုင်ငံများအကြား ရာသီဥတုဆိုင်ရာ ၂၁ ရာစု ဆွေးနွေးပွဲ ကို ပါရီတွင် နိုင်ငံပေါင်း ၁၉၀ကျော်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့သဘောတူညီမှုသစ်တစ်ရပ်အပေါ် လာရောက် ဆွေးနွေးနေပြီး ကမ္ဘာကြီးပူနွေးလာမှုအန္တာရာယ်ကို ရှောင်ရှားနိုင်မည့် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေးကို ရည်ရွယ်ဆွေးနွေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required