အိုင်အက်စ်ကို တိုက်ခိုက်မှု အရှိန်မြင့်တင်မည်ဟု အမေရိကန်ကတိပြု

အိုင်အက်စ်ကို တိုက်ခိုက်မှု အရှိန်မြင့်တင်မည်ဟု အမေရိကန်ကတိပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ ။           ။ ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်အစွန်းရောက်အုပ်စုကို ဖျက်ဆီးပစ်ရန်အတွက် တိုက်ခိုက်မှုကို အရှိန်မြင့်တင်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ဒီဇင်ဘာ ၁၁ တွင် ကတိပြုပြောကြားသည်။

အိုင်အက်စ်စစ်သွေးကြွများသည် ခေါင်းဖြတ်သတ်ဖြတ်မှုများ၊ အဓမ္မဘာသာပြောင်းစေခြင်းစသည့် ရက်စက်သည့် စစ်ဆင်ရေးများဖြင့် နယ်မြေအများအပြားကို ထိန်းချုပ်လိုက်ပြီးနောက် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် အိုင်အက်စ်ရှိရာ နှစ်နိုင်ငံစလုံးတွင် စတင်ဗုံးကြဲခဲ့သည်။ သို့သော်လည်း အစွန်းရောက်များ သုတ်သင်ရာတွင် အသိအမှတ်ပြုလောက်သည့် တိုးတက်မှုမရှိဟု အတိုက်အခံတို့က ဝေဖန်ပြီးနောက် သမ္မတဘားရက်အိုဘားမား၏ အစိုးရမှာ အစွန်းရောက်တိုက်ဖျက်ရေးအတွက် ပိုမိုဆောင်ရွက်ရန် ဖိအားပေးမှုမှာ ပိုမိုကြီးထွားလာသည်။

"ကျွန်တော်တို့ အများကြီးဆောင်ရွက်မှာပါ။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်ရာမှာ ခိုင်မာပြီး အိုင်အက်စ်တို့ကို အမြန်ချေမှုန်းဖို့ နောက်ထပ်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်"ဟု ကာတာက ပြောသည်။ အိုင်အက်စ်အားတိုက်ခိုက်ရာတွင် မဟာမိတ်တစ်ဦးဖြစ်သူ ဗြိတိန်ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ဖောလွန်နှင့် အတူ ဝါရှင်တန်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကာတာက ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်ပတ်၊ နှစ်ပတ်၊ ခြောက်ပတ်အတွင်း နောက်ထပ်ပိုမိုဆောင်ရွက်ပြီး နောက်ထပ်စွမ်းဆောင်ရည်တည်ဆောက်ရာမှာ ထိရောက်ပြီး အပတ်စဉ်ပိုပြီးပိုပြီးထိရောက်မှုတွေ ရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်။ ဒါဟာ သမ္မတအိုဘားမားက ကျွန်တော်တို့ကို ညွှန်ကြားထားတာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ လုပ်ဆောင်နိုင်စွမ်းရှိနေပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အီရတ်နှင့် ဆီးရီးယားတွင် လုပ်ဆောင်နေသည့် စစ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ကာ ဆုံးဖြတ်နိုင်ရေးအတွက် အိုဘားမားသည် ဒီဇင်ဘာ ၁၄ တွင် ပင်တဂွန်သို့ သွားရောက် မည်ဖြစ်သည်။ သမ္မတသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့နှင့် အချိန်ယူကာ ဆွေးနွေးတိုင်ပင်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်မည်ဟု သမ္မတ၏ ပြောခွင့်ရအမျိုးသား ဂျော့ရှ်အန်းနက်စ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required