ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးအတွက် အမိန့်ပြန်တမ်း ကြိုတင်ထုတ်ပြန်သွားမည်

ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေးအတွက် အမိန့်ပြန်တမ်း ကြိုတင်ထုတ်ပြန်သွားမည်
photo - pyithuhluttaw

ဒီဇင်ဘာ ၁၁ ရက် ။        ။ ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ကျင်းပရေးအတွက် အဆင်ချောစေရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များက စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ အမိန့်ပြန်တမ်း ကြိုတင်ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အပါအဝင် လွှတ်တော်အားလုံးသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးနောက် အသစ်ဝင်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို လက်ရှိလွှတ်တော် သက်တမ်းမပြီးဆုံးမီ ခေါ်ယူရမည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ အစည်းအဝေး၌ သူရဦးရွှေမန်းက အမှာစကားတွင် ထည့်သွင်းပြောခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်များကျင်းပရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူရန်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည်လည်း အလားတူဖြစ်သည်ဟု ဆိုသည်။

၂၀၁၀ ခု ရွေးကောက်ပွဲအပြီး ပထမအကြိမ် လွှတ်တော်များအတွက်မူ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော်အစိုးရက စီစဉ်ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ သွားလာရေး၊ တည်းခိုရေး၊ စားသောက်ရေးပါမကျန် ပြည့်ပြည့်စုံစုံ စီမံသွားရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က မှာကြားကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း စနစ်တကျ လုံခြုံစွာ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိတာဝန်ရှိ သူများတွင် လုံးဝတာဝန်ရှိသည်ဟုလည်း ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက် ယင်းအစည်းအဝေး၌ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကလည်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကြိုတင်ဆောင်ရွက်ထားမှုများကို ရှင်းလင်း တင်ပြကြသည်။

ယင်းအစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required