ညစ်ညမ်းမှုကို တိုက်ဖျက်ရန် အာရှဖွံ့ဖြိုးမှုဘဏ်က တရုတ်နိုင်ငံကို ကန်ဒေါ်လာ သန်း ၃၀၀ချေးမည်

ညစ်ညမ်းမှုကို တိုက်ဖျက်ရန် အာရှဖွံ့ဖြိုးမှုဘဏ်က တရုတ်နိုင်ငံကို ကန်ဒေါ်လာ သန်း ၃၀၀ချေးမည်

ပေကျင်း၊ ဒီဇင်ဘာ - ၁၁  ။             ။ ပေကျင်းမြို့တော်နှင့် ပတ်ဝန်းကျင် ဧရိယာများတွင် အန္တရာယ်ရှိသော ညစ်ညမ်းမှုအဆင့်ကို ကူညီတိုက်ဖျက်ရန်အတွက် အာရှဖွံ့ဖြိုးမှုဘဏ် (ADB)ထံမှ ချေးငွေ ကန်ဒေါ်လာ သန်း၃၀၀ကို တရုတ်နိုင်ငံက လက်ခံရရှိမည်ဖြစ်သည်။

ဆိုးရွားညံ့ဖျင်းသော လေထုအရည်အသွေးမှာ အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိနေပြီး ကျန်းမာရေးနှင့် ရေရှည်ဖွံ့ဖြိုးမှုကို နှောင့်ယှက်ဖျက်စီးနေသည်ဟု ADBက ပြောကြားခဲ့သည်။ ယခုချေးငွေမှာ ညစ်ညမ်းမှုပြဿနာများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကျောက်မီးသွေးအသုံးပြုမှုကို ဖြတ်တောက်လျှော့ချရန် ရည်ရွယ်သည်။ တရုတ်နိုင်ငံမှာ ယခုလက်ရှိ ကမ္ဘာပေါ်တွင် ညစ်ညမ်းမှုအထုတ်လွှတ် ဆုံးနိုင်ငံဖြစ်သည်။

ယခုချေးငွေမှာ ပေကျင်းမြို့တော်နှင့် ဟီပီနှင့် တီယန်ကျင်းအပါအဝင် ပတ်ဝန်းကျင်ဧရိယာများ ညစ်ညမ်းမှုလျော့ကျသွားစေရန် ပစ်မှတ်ထားသည်။ ADB၏ ပြောကြားချက်အရ ထိုဒေသတွင် လူဦးရေ သန်း၁၀၀ကျော် မှီတင်းနေထိုင်လျှက်ရှိပြီး တရုတ်နိုင်ငံ ဂျီဒီပီ၏ ၁၀ရာခိုင်နှုန်းအထိ ထည့်ဝင်နေသည်ဟု ဆိုသည်။

ဆိုးရွားညံ့ဖျင်းတဲ့ လေထုအရည်အသွေးက အန္တရာယ်ပေးနိုင်တဲ့အဆင့်ကို ရောက်ရှိနေညပီး မြို့တော်ဒေသရဲ့ ကျန်းမာရေးနဲ့ ရေရှည်ဖွံ့ဖြိုးမှုကို နှောင့်ယှက်ဖျက်စီးနေပါတယ်ဟု ADB၏ မြို့ပြဖွံ့ဖြိုးမှု ပညာရှင် ဆာတိုရှီ အစ်ရှီးက ပြောကြားခဲ့သည်။

ကျနော်တို့ရဲ့ ချေးငွေက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ကူညီလျှော့ချပြီး သဘာဝပတ်ဝန်းကျင် ကွပ်ကဲရေးမူဘောင်နဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးစွမ်းရည်ကိုလည်း ပိုမိုခိုင်မာ အားကောင်းစေမှာ ဖြစ်ပါတယ်ဟု အစ်ရှီးက ပြောကြားခဲ့သည်။

ပိုမိုကောင်းမွန်လာတဲ့ လေထုအရည်အသွေးက ဒေသတွင်းနဲ့ ဒေသအလွန်မှာရော စီးပွားရေးနဲ့ လူထုတွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ် ပါရီတွင် ကျင်းပသွားခဲ့သည့် ကမ္ဘာ့ရာသီဥတုညီလာခံအပြီးတွင် အာရှဖွံ့ဖြိုးမှုဘဏ်က တရုတ်နိုင်ငံအား ယခုကဲ့သို့ ငွေထုတ်ချေးလာခဲ့ခြင်းပင် ဖြစ်သည်။

ချေးငွေကို ဂျာမနီ၏ KFW Development Bankကလည်း ကန်ဒေါ်လာ ၁၆၄သန်း ထည့်ဝင်ကာ ပူးတွဲမတည်ပေးမည်ဟု မျှော်လင့်ရကြောင်း ADBဘဏ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်အစောပိုင်းက ပေကျင်းက ညစ်ညမ်းမှုအဆင့်နှင့် ပတ်သက်ရျ် ပထမဆုံးအကြိမ် အနီရောင်သတိပေးချက်  ထုတ်ပြန်ခဲ့ပြီးနာက် ချေးငွေသဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

အနီရောင်သတိပေးချက်ကို တနင်္လာနေ့ နှောင်းပိုင်းတွင် စတင်ထုတ်ပြန်ခဲ့ပြီး ကြာသပတေးနေ့အထိ ကြာမြင့်ခဲ့သည်။ ထိုစနစ်ကို လွန်ခဲ့သည့်နှစ်နှစ်က စတင်ထူထောင်ခဲ့ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အနီရောင်သတိပေးချက် ကြေညာခဲ့ခြင်းပင် ဖြစ်သည်။

ပေကျင်းရှိကျောင်းများကို ပိတ်ထားခဲ့ရပြီး ပြင်ပ ဆောက်လုပ်ရေးလုပ်ငန်းခွင်များလည်း ရပ်နားထားခဲ့ရကာ လမ်းများပေါ်မှ ကားအရေအတွက်ကိုလည်း ကန့်သတ်ထားသည့်အပြင် စက်ရုံများကိုလည်း လည်ပတ်မှု ရပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့သည်။

ကျောက်မီးသွေးသုံး စက်မှုလုပ်ငန်းများ၊ ကားများနှင့် အပူပေးစနစ်များမှ ထုတ်လွှတ်သည့် မီးခိုးများနှင့်  ဆောက်လုပ်ရေးဆိုက်များမှ အမှုန်အမွှားများ ရောပေါင်းကာ အန္တရာယ်ရှိသော မီးခိုးမြူများကို ဖန်တီးနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required