ကမ္ဘာကျော် မွေးနေ့သီချင်းအတွက် မူပိုင်ခွင့်ကြေးဆိုင်ရာ အငြင်းပွားမှှု ပြေလည်သွား

ကမ္ဘာကျော် မွေးနေ့သီချင်းအတွက် မူပိုင်ခွင့်ကြေးဆိုင်ရာ အငြင်းပွားမှှု ပြေလည်သွား

ကမ္ဘာကျော် “Happy Birthday To You” သီချင်းနှင့် ပတ်သတ်၍ မူပိုင်ခွင့်ကြေးဆိုင်ရာ အငြင်းပွားမှှုကို ယခုအခါ တရားရုံးပြင်ပတွင် ဖြေရှင်းနိုင်လိုက်ပြီ ဖြစ်သည်။ ယခင်က ထိုသီချင်းနှင့် ပတ်သတ်သော မူပိုင်ခွင့်ကို ဂီတကုမ္ပဏီ Warner/Chappell က ရယူထားခဲ့သော်လည်း၊ ထိုသီချင်းစာသားအား မူပိုင်ခွင့်ကြေး ပေးရန်မလိုဘဲ အသုံးပြုနိုင်ကြောင်း ယခုနှစ်ထဲတွင် တရားသူကြီး တစ်ဦးက ဆုံးဖြတ်ခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း ကုမ္ပဏီအား မူပိုင်ခွင့်အဖြစ် ပေးခဲ့ကြရသော ငွေများကို ပြန်လည် ရယူလိုကြောင်း အနုပညာရှင်များနှင့် ရုပ်ရှင် ထုတ်လုပ်သူများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က တောင်းဆို လာခဲ့ခြင်း ဖြစ်သည်။

ယခု ရရှိသွားသော သဘောတူညီချက်နှင့် ပတ်သတ်သည့် အချက်အလက်များကိုမူ မသိရ သေးပေ။ ထိုသီချင်းအား ရုပ်ရှင်များ၊ ရုပ်သံဇာတ်လမ်းများနှင့် ကြော်ငြာများတွင် အသုံးပြုတိုင်း Warner/ Chappell ကုမ္ပဏီအား မူပိုင်ခွင့်ကြေး ပေးခဲ့ကြရရာ၊ ကုမ္ပဏီသည် တစ်နှစ်လျှင် ဒေါ်လာ နှစ်သန်းခန့် ကို မူပိုင်ခွင့်ကြေးအဖြစ် ရရှိခဲ့သည်။

Warner/Chappell ကုမ္ပဏီသည် မူပိုင်ခွင့်ကို ၁၉၈၈ ခုနှစ်က စတင်ရရှိခဲ့ခြင်း ဖြစ်သော်လည်း၊ ထိုမူပိုင်ခွင့်မှာ သီချင်းနှင့် တိုက်ရိုက် မပတ်သတ်ဘဲ ထိုသီချင်း၏ ဂီတပိုင်း အစီအမံအတွက်သာ ပေးထားသည့် မူပိုင်ခွင့်ဖြစ်ကြောင်း တရားသူကြီး တစ်ဦးက ဆုံးဖြတ်ခဲ့သည်။

ကုမ္ပဏီ၏ ကြေညာချက်ထဲတွင် “တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ လေးလေးစားစား သဘောထား ကွဲလွဲခဲ့ပေမဲ့၊ အခု ဒီကိစ္စကို ဖြေရှင်းနိုင်လိုက်တာကို ကျွန်တော်တို့ ဝမ်းသာပါတယ်” ဟု ရေးသား ဖော်ပြထားသည်။

ထိုသီချင်း၏ တေးသွားကို ၁၈၉၃ ခုနှစ်တွင် Kentucky မှ ညီအစ်မနှစ်ဦးက ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ Mildred နှင့် Patty Hill တို့က “Good Morning To All” စာသားဖြင့် ရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ထိုသီချင်းမှာ မွေးနေ့ပါတီ သီချင်းအဖြစ် ပြောင်းလဲသွားကာ၊ ကမ္ဘာအရပ်ရပ်မှ မွေးနေ့ ပွဲများတွင် ထိုသီချင်းကို သီဆိုလေ့ ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly