အထက်ပေါင်းလောင်းစီမံကိန်းဖွင့်လှစ်၊ စစ်တောင်းမြစ်ဝှမ်းတွင် စီမံကိန်း ၁၃ ခု ဖြစ်သွား

အထက်ပေါင်းလောင်းစီမံကိန်းဖွင့်လှစ်၊ စစ်တောင်းမြစ်ဝှမ်းတွင် စီမံကိန်း ၁၃ ခု ဖြစ်သွား
Photo - The Mirror

ဒီဇင်ဘာလ ၁၀ ရက် ။            ။ စစ်တောင်းမြစ်ဝှမ်းပေါ်တွင် လျှပ်စစ်ဓာတ်အား ၄၁၀ မဂ္ဂါဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ်စီမံကိန်း သုံးခုအား ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံပိုင် သတင်းစာက ဖော်ပြလိုက်သဖြင့် စုစုပေါင်း ၁၃ ခုရှိသွားမည်ဖြစ်သည်။

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၀၀ မဂ္ဂါဝပ်)၊ သောက်ရေခပ် (၁) ရေအားလျှပ်စစ်စီမံကိန်း (၁၅၀ မဂ္ဂါဝပ်) နှင့် ဘောဂထ ရေအားလျှပ်စစ်စီမံကိန်း (၁၆၀ မဂ္ဂါဝပ်) တို့ကို ဆက်လက် အကောင်အထည်ဖော်မှာဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်း၊ ခပေါင်းရေအားလျှပ်စစ် စီမံကိန်း၊   ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်း၊ ကွန်းချောင်း ရေအားလျှပ်စစ် စီမံကိန်း၊ ရဲနွယ်ရေအားလျှပ်စစ်စီမံကိန်း၊ ဇောင်းတူ ရေအားလျှပ်စစ်စီမံကိန်း၊ နန်ချို ရေအားလျှပ်စစ် စီမံကိန်း၊ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်း၊   ရွှေကျင် ရေအား လျှပ်စစ်စီမံကိန်း စသည့်စီမံကိန်း ၁၀ ခု မှာမူ တည်ဆောက်ပြီးဖြစ်ပြီး လျှပ်စစ် ဓာတ်အား စုစုပေါင်း ၈၃၀ မဂ္ဂါဝပ် ထုတ်နိုင်ပြီဟု သတင်းစာက ဆိုသည်။

အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသည် ပျဉ်းနားမြို့ အရှေ့ဘက် ၂၆ မိုင်အကွာရှိ စစ်တောင်းမြစ်၏ မြစ် လက်တက် ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိသည်။

ကွန်ကရစ်တမံ (RCC Dam) အမျိုးအစားဖြစ်ပြီး အလျား ၁၆၉၀ ပေ၊ အမြင့် ၃၂၂ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၁၀၄၂၇၀၀ ဧကပေရှိမည်။ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၄၅၄ သန်းခန့် ထုတ်လုပ်ပြီး မဟာဓာတ်အား ကွန်ယက်သို့ ပို့လွှတ်ဖြန့်ဖြူးသွားမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်တက်ရောက်ဖွင့်လှစ်ပေးသည့် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကို ပြီးခဲ့သည့် ၁၀ နှစ် ကျော် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ၌ တည်ဆောက်ပြီးစီးခဲ့သည်။

စီမံကိန်းတည်ဆောက်စဉ်က ကြုံတွေ့ခဲ့ရသည့် ရေဝပ်ဧရိယာမှ ကျေးရွာများရွှေ့ပြောင်းရေးအတွက် စုစုပေါင်းငွေကျပ် (၃၁ ဒသမ ၅၃၄) ဘီလီယံ အကုန်အကျခံဆောင်ရွက်ပေးခဲ့သည်ဟု လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖွင့်ပွဲ၌ ရှင်းပြသည်။

ကျေးရွာသစ်နေရာများအတွက် စိုက်ပျိုးမြေ (၈၂၉၇) ဧကခန့်ကိုလည်း ဖော်ထုတ်ပေးပြီးပြီဟု ဆိုသည်။ သို့သော် ပြည်ထဲရေးဝန်ကြီးဌာနက ကျေးရွာသစ်နေရာအား မြို့သစ်အဖြစ်  ဆောင်ရွက်နေဆဲ   ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုလည်ပတ်ရသည့် စက်ရုံအလုပ်ရုံများ၊ စက်မှုဇုန်သစ်များပေါ်ပေါက်လာပြီး၊ လျှပ်စစ်ဓာတ်အားကို အသုံးပြုမှုမြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဟု ဝန်ကြီးဦးခင်မောင်စိုးက တင်ပြသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးအနှံ့ လျှပ်စစ်ဓာတ်အားကို ရာနှုန်းပြည့် ရရှိ သုံးစွဲနိုင်ရန် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အား ကမ္ဘာ့ဘဏ်အဖွဲ့၏ အကူအညီဖြင့် ရေးဆွဲထားပြီးဟုလည်း သိရသည်။

ယင်းစီမံချက် အကောင်အထည်ဖော်ရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီ၊ နိုင်ငံတော်ဘတ်ဂျက်၊ ပုဂ္ဂလိကပါဝင်မှု စသည့်ဖြင့် ဘက်ပေါင်းစုံပူးပေါင်းမှုများဖြင့်   ဆောင်ရွက်နေသည်ဟုလည်း ဦးခင်မောင်စိုးက ဒီဇင်ဘာ ၉ ရက် ဖွင့်ပွဲတွင် တင်ပြသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required