စွန့်ဦးတီထွင်စီပွားရေးလုပ်ငန်းကဏ္ဍ ပီပြင်လာဖို့ ခက်ခဲနေတုန်းလား

စွန့်ဦးတီထွင်စီပွားရေးလုပ်ငန်းကဏ္ဍ ပီပြင်လာဖို့ ခက်ခဲနေတုန်းလား

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။         ။ အရှိန်ယူနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံစီးပွားရေးအခင်းအကျင်းက ဒီငါးနှစ်ထဲမှာအားကောင်းတဲ့ ပြေးလမ်းပေါ်မှာရှိနေတယ်လို့ ပြောလို့ရနေပေမယ့် ဒီစီးပွားရေးမောင်းနှင် အားကို အရှိန်မြှင့်တင်နိုင်မယ့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းကဏ္ဍ ပီပြင်လာဖို့ကတစ်ဘက်မှာလည်းလိုအပ်ချက်များစွာနဲ့ တည်ဆောက်နေဆဲအချိန်လည်းဖြစ်ပါတယ်။

“ကျွန်တော့်နာမည်ကစတီဖင် ကျော်ပါ၊ ပြောင်းလဲလာတဲ့ မြန်မာ့စီးပွားရေးအခင်းအကျင်းမှာ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဈေးကွက် ချဲ့ထွင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေး နယ်ပယ်မှာ အောင်မြင်ဖို့အတွက် ကျွန်တော့်မှာရည်မှန်းချက်အကြီးကြီးရှိပါတယ်” လို့ www.mystylo.life ရဲ့ အမှုဆောင် အရာရှိချုပ် ဝီလီယံမင်းက ပြောပါတယ်။

သူက ဆက်ပြီးတော့ “ကျွန်တော်တို့လူငယ်ဆိုတဲ့အတိုင်းပဲနည်းပညာကပထမဆုံးလာတာပေါ့၊ လူငယ်တိုင်းကလည်းနည်းပညာကို စိတ်ဝင်စားလို့ စွန့်ဦးတီထွင်သူရယ်လို့ ဖြစ်လာတာ၊ ယေဘူယျ ပြောမယ်ဆိုရင်တော့ ဒီနည်းပညာကဏ္ဍကအရေးအကြီးဆုံးပဲ" လို့လည်း ဆိုပါတယ်။

မြန်မာ့စီးပွားရေးပြေးလမ်းကြောင်းပေါ်ကလူငယ်တစ်ချို့ရဲ့ စိတ်ကူး၊ရည်ရွယ်ချက် တွေကို ကြားခဲ့ရတာပါ။ မြန်မာ့စီးပွားရေးမောင်းနှင်အားကိုအရှိန်မြှင့်တင်ဖို့ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံ့စီးပွားရေးအခင်းအကျင်းမှာ အောင်မြင်နေတဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဆိုတာက လက်ချိုးရေလို့တော့ ရနေပါတယ်။

“ ကျွန်တော်လည်း စလုပ်တုန်းက အကြီးကြီးတွေစဉ်းစားတာပေါ့၊ စာအုပ်အကြီးကြီးတွေဖတ်တယ်၊လုပ်ငန်းအကြီးကြီးတွေ လုပ်ချင်တယ်။ အိုင်ဒီယာအကြီးကြီးတွေလုပ်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့အကြီးကြီးတွေကစလို့မရဘူး၊ ကျွန်တော်တို့သေးသေးလေးက စရတာပေါ့နော်” လို့ သူက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ပွင့်လာတဲ့ဈေးကွက်စီးပွားရေးစာမျက်နှာအသစ်သစ်တွေအတွက်တော့  ကြားဘူးနေကြ ငွေကြေးအရင်းအနှီး၊ နည်းပညာအခက်အခဲနဲ့ အစိုးရရဲ့အားပေးကူညီမှုဆိုတဲ့ အကြောင်းအချင်းအရာတွေက တစ်ဘက်မှာရှိနေပြန်ပါတယ်။

ဝီလီယံက အွန်လိုင်းပလက်ဖောင်းတစ်ခုကအခုနှစ်ကမှ စပြီးတည်ထောင်လုပ်ကိုင် နေသူဖြစ်ပါတယ်။ သူကတော့လက်ရှိအချိန် အွန်လိုင်းပေါ်ကနေရောင်းချနေတဲ့ အဝတ်အထည်တွေကို လူနေမှုပုံစံနဲ့ လိုက်ဖက်တဲ့ ပုံစံဖြစ်အောင်ရွေးချယ်ပေးတဲ့ ပလက်ဖောင်းတစ်ခုကိုတည်ထောင်လုပ်ကိုင်နေတာပါ။
အခက်အခဲတွေကြားထဲကပဲ စွန့်စားလုပ်ကိုင်ရတဲ့အခြေအနေတွေကနေရေရှည်တည်တံ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာဖို့ကိုတော့ ….

"လူတွေအနေနဲ့လည်း နိုင်ငံတကာစံနှုန်းအတိုင်းကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင် ဒီစွန့်ဦးတီထွင်လုပ်ငန်းတွေကနေရမယ့် အခွင့်အလမ်းတွေကလာမယ့် သုံးနှစ်ကနေငါးနှစ်အတွင်း အများကြီးရှိနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်" လို့ သူက ပြောပါတယ်။

“စွန့်ဦးတီထွင်လုပ်ငန်းတွေ များလာတာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ထပ်ပြီးရှားပါးလာတာက လူ့စွမ်းအားအရင်းအမြစ်ပေါ့။ ခေါင်းဆောင်တွေများပြီး နောက်လိုက်တွေမရှိလို့လည်းမရဘူး..”လို့လည်း သူက ဆက်ပြောပါသေးတယ်။

နောက်ထပ်ကျဉ်းထဲကြပ်ထဲကနေ အဖြေရှာသွားရမှာက လူသားစွမ်းအားအရင်းအမြစ်တွေ ရှားပါးလာနေမှုကို ကောင်းတဲ့ဘက်ကချဉ်းကပ်ဖို့…ညှိနှိုင်းပေါင်းစပ်ဖို့ပါ။ သိပ်မကြာနိုင်တော့တဲ့ အချိန်သတ်မှတ်ချက်ထဲမှာ အာဆီယံစီးပွားရေးအသိုက်အဝန်းက ဖြစ်ပေါ်လာဖို့ရှိနေတော့ ဒီကနေလည်း အခွင့်အလမ်းတွေရှာဖို့ကလည်း လိုအပ်နေပါတယ်။

၂၀၁၅ အာဆီယံအသိုက်အဝန်းက ဖြစ်လာပြီဆိုတော့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေလည်း ပိုပြီးတော့ အကူအညီရလာမယ်ထင်တယ်၊ကျွန်တော့်အမြင်သပ်သပ်ပြောရရင် လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင် ပြည်တွင်းမှာရှိတဲ့ တက်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေလိုအပ်သလို နိုင်ငံတကာမှာအလုပ်လုပ်ခဲ့တဲ့သူရဲ့ တက်ကျွမ်းမှုတွေ ပေါင်းစပ်မှသာလျှင် အောင်မြင်မယ်လို့ထင်တယ်။

အထင်နဲ့အမြင်မလွဲဖို့ကတော့ ပြည်တွင်းကစွန့်ဦးတီထွင်လုပ်ငန်းတွေ.. စီးပွားရေးလုပ် ငန်းတွေမှာအသက်တမျှအရေးကြီးနေတဲ့ မူပိုင်ခွင့်ဥပဒေကိုအမြန်ဆုံးပြဌာန်းပေးနိုင်ဖို့ ကလည်းတစ်ဘက်မှာလိုအပ်နေပါသေးတယ်။ မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်တိုးဖို့ ဆိုတာက မြန်မာနိုင်ငံကစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရရဲ့ အစီအမံတွေကဘယ်လောက်အထိခရီးရောက်နိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly