၁၉၆၂ ကျောင်းသားခေါင်းဆောင် ဝါရင့်တော်လှန်ရေးသမား ဦးလှရွှေ ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်

၁၉၆၂ ကျောင်းသားခေါင်းဆောင် ဝါရင့်တော်လှန်ရေးသမား ဦးလှရွှေ ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်

ဇူလိုင် ၁၅

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေသည် ကိုဗစ်-၁၉ ရောဂါကြောင့်  ယနေ့ (ဇူလိုင်လ ၁၅ ရက်) ည ၇ နာရီကျော်တွင် ကွယ်လွန်သွားသည်။  

“ အဖေ ဆုံးသွားပါပြီ။ နောက်ဆုံးလက်ကျန် အောက်ဆီဂျင်လေးပြတ်သွားတာနဲ့ ၊  စစ်အာဏာရှင်ကို သေတဲ့အထိ ဆန့်ကျင်သွားခဲ့ပါပြီး ။ အဖေကို အလေးနီပြု ပါတယ်။ “ ဟု ဦးလှရွှေ ၏ သမီးဖြစ်သူ မနေခြည် က သူ၏ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားသည်။ 

ဦးလှရွှေသည် (၆) ကြိမ်မြောက် ဗကသများအဖွဲ့ချုပ်ညီလာခံမှ ရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူးဟောင်း၊ ၁၉၆၀-၆၁ အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်း တစ်ဦးလည်းဖြစ်သည်။

ဆက်လက်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့တို့က  “ မိသားစုဝင်များ၊ ရဲဘော်များနှင့်ထပ်တူဝမ်းနည်းရပြီး စစ်အာဏာရှင်အား သက်ဆုံးတိုင်ဆန့်ကျင်ခဲ့သော ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေအား အလေးနီ်ပြုပါတယ် “ဟု  သတင်းထုတ်ပြန်ခဲ့သည်။

အောင်သာ (PPP) ဟူသော ကလောင်အမည်ဖြင့် နိုင်ငံရေးစာပေ ဆောင်းပါးများရေးသားလေ့ရှိသူ ဦးလှရွှေသည် အသက်မဆုံးပါးခင်အချိန်ထိ  ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ နှင့် ရင်းနှီးစွာနေလေ့ ရှိပြီး ၎င်းရဲ့ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံများကို ပြောဆိုလေ့ရှိသည်။

“ ကျောင်းသားသမဂ္ဂစလုပ်ကတည်းက ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တဲ့ သမိုင်းတွေအကုန်လုံး နဲ့ပတ်သက်ပြီး ဘဘ နဲ့သွားတွေ့တယ်။ ကျောင်းသားသမဂ္ဂအသစ်တွေ ဝင်လာရင်လည်း ဘဘဦ်းလှရွှေ ရှိခေါ်သွားပါတယ်။ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေ ဘဘရှိလာပြီးတော့ စကားပြောရင် ဘဘအများကြီး စိတ်သက်သာရာရပါတယ်။ ပျော်ရွှင်ရပါတယ်။ တကယ်တော့ ဘဘဦးလှရွှေက သက်ရှိသမိုင်း တစ်ခုပါ။ အခုကတော့ သက်မဲ့ဖြစ်သွားပြီးပေါ့ ။ ဘဘ ဆုံးပါးသွားတဲ့အတွက်ကြောင့် လုံး၀ စိတ်မကောင်းဖြစ်မိပါတယ် “ ဟု တကသ ကျောင်းသားဟောင်းတစ်ဦး ဖြစ်တဲ့ကိုပိုင်ရဲသူက ဆိုပါတယ်။ 

သူသည်  ၁၉၅၃ မှစတင်ကာ ကျောင်းသားလှုပ်ရှားမှုအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်အုပ်စုက အာဏာသိမ်းသည်ကို ဆန့်ကျင်ဆန္ဒပြသာ ကျောင်းသားများတွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ 

၁၉၆၂ ခုနှစ် ဂျူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ တက္ကသိုလ် သမဂ္ဂအဆောက်အဦကို စစ်တပ်က ဗုံးခွဲဖြိုချလိုက်ပြီး ဆန္ဒပြကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နောင်တွင် 7 July အရေးခင်းဟု ခေါ်တွင်ခဲ့သည်။ 

စစ်အာဏာရှင်ကို ဒူးမထောက် အညံ့မခံ  တော်လှန်ခဲ့သူ ဦးလှရွှေသည် ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်သည်။

ဦးလှရွှေသည် တိုက် အေ-၃ အခန်း(၄၀၄)၊ ဗိုလ်မင်းရောင်အိမ်ယာ၊ (၄၂) ရပ်ကွက်၊ မြောက် ဒဂုံမြိုနယ်တွင် နောက်ဆုံးနေထိုင်ခဲ့သည်။

ယခုလို စစ်အာဏာအသိမ်းခံနေရသည့်ကာလတွင် ၆၂ ကျောင်းသားခေါင်းဆောင်းဟောင်းတစ်ဦးဖြစ်သူ ဦးလှရွှေဆုံးသွားသည့်အတွက် မဇ္ဈိမမီဒီယာမှ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly