မိုနာကိုကွင်းလယ်လူ ကွန်ဒေါ့ဘီယာကို ခေါ်ယူနိုင်ပြီဟု အင်တာမီလန် အတည်ပြု

မိုနာကိုကွင်းလယ်လူ ကွန်ဒေါ့ဘီယာကို ခေါ်ယူနိုင်ပြီဟု အင်တာမီလန် အတည်ပြု

မီလန်၊ ဇွန် ၂၂။ ။ အင်တာမီလန်အသင်းသည် ပြင်သစ်ကလပ် မိုနာကိုအသင်းမှ ကွင်းလယ်ကစားသမား ကွန်ဒေါ့ဘီယာကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်သည်။ ယနေ့ တနင်္လာနေ့တွင် ဆေးစစ်မှုခံယူမည် ဖြစ်ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုသွားမည် ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ကွန်ဒေါ့ဘီယာကို အေစီမီလန်၊ အာဆင်နယ်နှင့် စပါးအသင်းတို့က ခေါ်ယူရန်ကြိုးပမ်းခဲ့ကြပြီး ဘာစီလိုနာနှင့် ရီးယဲလ်တို့က စိတ်ဝင်စားခဲ့ကြသည်။ ဂိုးလ်ဒေါ့ကွန်း၏ ဖော်ပြချက်တွင် ကွန်ဒေ့ါဘီယာသည် အင်တာနည်းပြ မန်စီနီနှင့် ဖုန်းပြောဆိုပြီးနောက်တွင် အင်တာမီလန်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။

အင်တာမီလန်အသင်း၏ ဝက်ဘ်ဆိုက်တွင် 'ကွန်ဒေါ့ဘီယာအတွက် မိုနာကိုအသင်းနဲ့ လက်မှတ်ရေးထားသွားမှာပါ။ ဒီပြင်သစ်သားဟာ မနက်ဖြန်မှာ ဆေးစစ်မှုခံယူပါမယ်' ဟု ရေးသားထားသည်။

အင်တာမီလန်အသင်းသည် ကွန်ဒေါ့ဘီယာအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ကျော် ပေးချေခဲ့ရပြီး ငါးနှစ် စာချုပ် ချုပ်ဆိုမည်ဟု သတင်းများက ဆိုသည်။ လုပ်ခလစာငွေမှာလည်း တစ်နှစ်လျှင် အခြေခံလစာငွေ ယူရို ၄ ဒသမ ၅ သန်း နှင့် အပိုဆုကြေးငွေ ရဦးမည် ဖြစ်သည်။

ကွန်ဒေ့ါဘီယာသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လန်းစ်အသင်းတွင် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဆီဗီလာသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ၂၀၁၃ တွင် မိုနာကိုသို့ ရောက်ရှိခဲ့ပြီး ယခု အင်တာမီလန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပြင်သစ်လက်ရွေးစင်အဖြစ် လေးပွဲ ပွဲထွက်ကစားပြီး ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly