ကြက်သားမှုန့်က အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများဟု စားသုံးသူကြိုတင်ကာကွယ်ရေးအသင်းပြော

ကြက်သားမှုန့်က အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများဟု စားသုံးသူကြိုတင်ကာကွယ်ရေးအသင်းပြော

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။ ။ ဟင်းချက်ရာတွင် အသုံးပြုသည့် အချိုမှုန့်မှာ ဦးနှောက် နှင့် အာရုံကြောအပြင် အခြားရောဂါများ ဖြစ်စေနိုင်သည့်အတွက် အသားမှုန့်ကို ပြောင်းလဲအသုံးပြုလာကြသည်။ သို့သော် အသားမှုန့်သည်လည်း ကြာရှည်ခံနိုင်စေရန် ဓာတုပစ္စည်းများ သုံးထားရသည့်အတွက် အချိုမှုန့်ထက်ပင် ဘေးထွက်ဆိုးကျိုးများနိုင်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာကွယ်ရေးအသင်း (Consumer Protection Association Of Myanmar) ၏ အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က မဇ္ဈိမကို ပြောသည်။

"Mono Sodium Glutamate (MSG) ဖြစ်တဲ့ အချိုမှုန့်ဟာ ကျန်းမာရေးအတွက် ဆိုးကျိုးများတယ် ဆိုတာ လူတိုင်းလည်း သိကြပါတယ်။ အဓိကကတော့ အရိုးပွတာနဲ့ ကျောက်ကပ်ထိခိုက်တာမျိုးတွေပေါ့။ အလားတူပဲ ကြက်သားမှုန့်မှာလည်း ကြက်သားအရသာလေး ပါလေဟန်ထည့်ပြီး MSGနဲ့ တာရှည်ခံ မှိုသတ်ဆေးတွေ ထည့်ထားတာဆိုတော့ ရေရှည်မှာ အချိုမှုန့်ထက်တောင် ကျန်းမာရေးကို ပိုမိုထိခိုက်လာစေနိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ဒီကြေညာချက်ကို ထုတ်ပြန်ရတာပါ" ဟု ဒေါ်စိုးကလျာထိုက်က ပြောသည်။ 

ကြေငြာချက်မှာ ဒီဇင်ဘာ ၆ ရက်က လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး "အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြော ထိခိုက်စေ၍ လေဖြတ်လေငန်းရောဂါ၊ နှလုံးရောဂါ၊ လေးဖက်နာရောဂါ၊ ကျောက်ကပ် ချို့ယွင်းပျက်စီးသော ရောဂါ၊ ဆီးချို၊သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေ၍ ရှောင်ကြဉ်သင့်ပါသည်။ ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံမှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမိုဆိုးရွားစေပါသည်" ဟု ပါရှိသည်။ 

ကြက်သားမှုန့်သည် အချိုမှုန့်ထက်ပင် ကျန်းမာရေးကို ပိုမိုဆိုးဝါးစေကြောင်း ပြည်တွင်းတွင် သုတေသနပြု၍ သိရခြင်းမဟုတ်ဘဲ မလေးရှားနိုင်ငံ၊ ပီနန်မြို့ရှိ မလေးရှား CPA မှ ပို့ချသော သင်တန်းမှ ကျန်းမာရေးဘေးထွက်ဆိုးကျိုးဆိုင်ရာ အသေးစိတ်ရှင်းလင်းချက်များ နှင့် အခြား အမေရိကန်၊ သြစတေးလျ CPA တို့မှ ပြုလုပ်ထားသည့် သုတေသနပြုထုတ်ပြန်ချက်များကို ကိုးကား၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

အချိုမှုန့်ကို နှစ်ရှည်လများ အလွန်အကျွံ စားသုံးမှုကြောင့် ဒေါ်စိုးကလျာထိုက်၏ ခင်ပွန်းကိုယ်တိုင်ပင် ကျောက်ကပ်ထိခိုက်သောရောဂါ ခံစားနေရကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်း၌ အချိုမှုန့်စားသုံးမှု မြင့်တက်နေကြောင်း "အမတို့ နိုင်ငံက ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့်လည်း ပြည်သူတွေ၊ အထူးသဖြင့် ဆင်ခြေဖုံးနေသူတွေက ဈေးသက်သာတဲ့ အချိုမှုန့်ကိုပဲ တွင်တွင်ကျယ်ကျယ် စားကြတယ်။ အမတို့ဘက်က အသိပညာပေးနေတယ်ဆိုပေမယ့် အဲ့ဒီ အဝန်းအဝိုင်းလောက်ပဲ ဆင်ခြင်ကြတာ။ ပြည်သူတွေ အချိုမှုန့်ရှောင်ဖို့ဆိုတာကတော့ အများကြီးကြိုးစားရဦးမှာပါ" ဟု ယင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်မ တစ်ဦးက "အရင်ကတော့ အချိုမှုန့်က ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုလို့ ကြက်သားမှုန့်ပြောင်းသုံးတာ၊ အခုတော့ ကြက်သားမှုန့်က ပိုဆိုးနေမှတော့ ဆားဖြူးပြီး စားရမယ့်ပုံဖြစ်နေပြီ။ ဒီလိုမျိုးဆိုးကျိုးတွေရှိတယ်ဆိုတာ ပြည်သူတွေဆီကို ထိထိရောက်ရောက် ပညာပေးသင့်ပါတယ်"ဟု မဇ္ဈိမကို ပြောသည်။ 

လက်ရှိတွင် အချိုမှုန့်၊ အသားမှုန့် အစားထိုး ဂျပန်နည်းပညာဖြင့် ပဲပိစပ်၊ ပြောင်းဖူးတို့မှ Yeast ဖောက်ထားသည့် အချို့မှုန်းအစားထိုး ဟင်းခတ်မှုန့်များ ဈေးကွက်ထဲတွင် ရရှိနေပြီဖြစ်သည်။ သို့သော် ထိုအသားမှုန့်များ၏ ကောင်းကျိုး၊ ဆိုးကျိုးကိုမူ ပြည်သူများအနေဖြင့် မသိရှိရသေးပေ။ 

ကြက်သားမှုန့်ကိုမူ လူလတ်တန်းစားများ အများစု စားသုံးကြပြီး အချိုမှုန့်ကို အများဆုံးစားသုံးသူများမှာ ကျန်းမာရေး ဗဟုသုတနည်းသည့် ကျေးလက်တောင်သူများ၊ ဆင်ခြေဖုံးတွင် နေထိုင်သူများ စသည့် အခြေခံ လူတန်းစား အများဆုံးဖြစ်သည်ဟု ဒေါ်စိုးကလျာထိုက်က ပြောသည်။ 

"တိုင်းပြည်ဆင်းရဲတော့ ငပိရည်တို့၊ ကန်စွန်းရွက်ကြော်တို့ အားပြုစားနေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေက အရသာမရှိ၊ ရှိအောင်ကို အချိုမှုန့်တွေ တရားလွန် ထည့်စားကြတာပေါ့။ တချို့ကျတော့ အချိုမှုန့် မကောင်းမှန်းသိပေမယ့်လည်း အခုမှတော့ မထူးတော့ပါဘူးဆိုပြီး ဆက်စားကြတာမျိုးတွေ ရှိတယ်။"ဟု ၎င်းက ပြောသည်။ 

ယင်း ဟင်းခတ်မှုန့်များ နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သုတေသန ပြုလုပ်ရန် နည်းပညာနှင့် နည်းစနစ် လိုအပ်ချက် ကြီးမားနေပြီး ပြည်ပသို့ ပို့ဆောင်ကာ စစ်ဆေးမည်ဆိုပါကလည်း စရိတ်ကြီးမြင့်သဖြင့် အခက်အခဲ ရှိနေသည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly