ရွှေတူးဖော်ရေးစီမံကိန်း နယ်မြေအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအတွက် ဂုဏ်ပြုဆုတောင်း

ရွှေတူးဖော်ရေးစီမံကိန်း နယ်မြေအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူအတွက် ဂုဏ်ပြုဆုတောင်း

ဇော်ခမ်းဟိန်း၊ ဒီဇင်ဘာ ၈ ။             ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတူးဖော်ရေးစီမံကိန်းနယ်မြေအတွင်း အစိုးရစစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် လယ်သမားကြီး လုံဆမ်အား ဂုဏ်ပြုသည့်အခမ်းအနားကို ဒီဇင်ဘာ ၆ မှ ၈ ရက်နေ့ထိ နားဟိုင်းလုံရွာ၌ ကျင်းပရာ ရှမ်းပြည်နယ်အတွင်းရှိ လယ်သမား ၃၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ရှမ်းပြည်တောင်သူလယ်သမားများကွန်ရက်မှ သိရသည်။

အသက် ၅၄ နှစ်ရှိ လုံးဆမ်နှင့် ရွာသား (၁၄) ဦးတို့သည် အောက်တိုဘာလ ၁၃ ရက်နေ့က တာချီလိတ်ရွှေတောင်ကုမ္ပဏီ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီးအပြန် လွယ်ခမ်းလုံကုမ္ပဏီ လုပ်ငန်းခွင် လုံခြုံရေးယူပေးသည့် အစိုးရ စစ်တပ်မှ ပစ်ခတ်သဖြင့် ခြေထောက်တွင် ထိမှန်ပြီး သွေးလွန်၍ လုံးဆမ် သေဆုံးခဲ့သည်ဟု နားဟိုင်းလုံဒေသခံ ဆရာမ နန်းလှက မဇ္ဈိမသို့ပြောသည်။

''၆ ရက်နေ့က လုံဆမ်ရဲ့အိမ်မှာ စုပေါင်းအလှူလုပ်တယ်။ ၇ ရက်နေ့က ရွာမှာဂုဏ်ပြုပွဲလုပ်တယ်။ အနီးအနားရွာတွေက လယ်သမား သုံးရာကျော်လာကြတယ်။ ညနေပိုင်းတရားနာကြတယ်။ ဒီနေ့တော့ နားဟိုင်းလုံဘုန်းကြီးကျောင်းမှာ ရေစက်ချပွဲ လုပ်ခဲ့တယ်။ ကုမ္ပဏီဖက်ကရော၊ ခလရ (၃၃၀) ကရော ဘာမှထောက်ပံ့တာ မရှိဘူး။ သဂြိၤုလ်တာတွေ အခုဂုဏ်ပြုဆုတောင်းပွဲလုပ်တာတွေက ရှမ်းပြည်တောင်သူလယ်သမားများကွန်ရက်ရယ်၊ ဒေသခံရွာသားတွေရယ် စုပေါင်းလုပ်ကြတာပါ။'' ဟု ၎င်းကဆိုသည်။

ရှမ်းပြည်တောင်သူလယ်သမားများကွန်ရက်ဝင် စိုင်းထမ်အိုင်က ''ပစ်ခတ်မှုဖြစ်ပွားပြီး မိုင်းဖြတ် ခလရ (၃၃၀) ကို လိုက်သွားကြတယ်။ ဦးလုံးဆမ်ကို ကြည့်ရှုဖို့သွားတဲ့ ဆွေမျိုးတွေကို ပေးမတွေ့ဘူး၊ နောက်ပိုင်းသေသွားပြီဆိုမှ တွေ့ခွင့်ပေးတယ်။ အလောင်းသယ်ခွင့် မပေးဘူး။ သူတို့စီစဉ်ပေးမယ် ပြောတယ်။ ရွာသားတွေက လက်မခံဘဲ အတင်းပြောမှ အလောင်းသယ်ခွင့်ရတယ်။ လျော်ကြေးပေးတာ မရှိပါဘူး။ ကျွန်တော်တို့ တာလေရဲစခန်းကို တိုင်ကြား တော့ အခု ၁၂ လပိုင်း တစ်ရက်နေ့ တရားရုံးတင်တယ်လို့ စုံစမ်းရပါတယ်။'' ဟု မဇ္ဈိမသို့ပြောသည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း နားဟိုင်းလုံရွာအနီးတွင် တာချီလိတ်ရွှေတောင်၊ စိုင်းတစ်၊ လွယ်ခမ်းလုံ၊ စိုင်းစိုက်ပျိုးရေးကုမ္ပဏီ တို့ ရွှေတူးဖော်ရေးလုပ်ငန်းစတင်လုပ်ကိုင်ခဲ့ပြီး တာချီလိတ်ရွှေတောင်နှင့် စိုင်းတစ်ကုမ္ပဏီတို့ ကာလအတန်ကြာ ရပ်နားထားရာမှ တာချီလိတ်ရွှေတောင်ကုမ္ပဏီက ပြန်လည်လုပ်ကိုင်နေသည့် သတင်းကြား၍ လုံဆမ်နှင့် ရွာသားများ သွားရောက်ကြည့်ရှုပြီးအပြန် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရွှေတူးဖော်မှုစီမံကိန်းကို ချက်ချင်းရပ်ရန်၊ ပျက်စီးသွားသော လယ်ယာများအတွက် လျော်ကြေးပေးရန်၊ ရေစီးရေလာ ပြန်လည် ထိန်းသိမ်းပေးရန်၊ တစ်နိုင်ငံလုံးရှိ သတ္တုတူးဖေါ်ရေးလုပ်ငန်းတွင် ကုမ္ပဏီများမှ ဆိုက်အာနိုက် (cyanide) အဆိပ် နှင့် အခြားအန္တရာယ်ရှိသည့် ဓါတုပစ္စည်းများ သုံးစွဲနေမှုကို ပိတ်ပင်ပေးရန် ဒေသခံရွာသားများက တောင်းဆိုနေကြသည်။

ဆက်လက်တူးဖော်နေသေးသည့် ရွှေတူးဖေါ်ရေးလုပ်ငန်းနှင့် လုံးဆမ် အသတ်ခံရသည့်အကြောင်း အသေးစိတ်ကို မှတ်တမ်းတင်ထားသည့် ''မိုင်းလင်းရှိ ကြောက်မက်ဖွယ် ရွှေဆက်တူးနေမှုသည် ကတိကို ဖေါက်ဖျက်ခြင်း” စာအုပ်ငယ်ကို ရှမ်းပြည်တောင်သူလယ်သမားများကွန်ရက်မှ ဖြန့်ချိ ထားသည်ဟု သိရသည်။

Gold, Military, Shan, Tarchilek

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required