ဟိုတယ်နှင့် အိမ်ရာ တည်ဆောက်မှုအတွက် အကောင်းဆုံးဆု ၁၅ ဆု ယခုနှစ် စတင်ချီးမြှင့်

ဟိုတယ်နှင့် အိမ်ရာ တည်ဆောက်မှုအတွက် အကောင်းဆုံးဆု ၁၅ ဆု ယခုနှစ် စတင်ချီးမြှင့်
ဓာတ်ပုံ - Dagon City 1

 နိုင်ငံတကာ အိမ်ခြံမြေအကဲဖြတ်ကျွမ်းကျင်သူများက ရန်ကုန်နှင့် နေပြည်တော်မှ ဟိုတယ်နှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများကို ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးဆုတံဆိပ်များ ချီးမြှင့်လိုက်ပြီး ဟိုတယ်နှင့် အိမ်ရာတည်ဆောက်မှုလုပ်ငန်းများအတွက် သည်နှစ်၌ ဆုအမျိုးအစားပေါင်း ၁၅ ဆုကို အကဲဖြတ်အဖွဲ့က ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Myint and Associate ကုမ္ပဏီဆိုလျှင်လည်း ရုံးခန်း ဗိသုကာလက်ရာ အကောင်းဆုံး ဆု၊ ရုံးခန်းဖွံ့ဖြိုးတိုးတက်မှုဆုနှင့် အကောင်းဆုံး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆုတွေကို ပြည်တွင်း နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများကို ကျော်ဖြတ်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။

"ဒီဆုတွေက ကျွန်တော်တို့ brand တည်ဆောက်ဖို့အတွက် ဖြစ်ပါတယ်၊ ဒီအတွက်လည်း အရမ်းဂုဏ်ယူ ပါတယ်၊ ရှေ့သွားဖို့ကလည်း ဒီလို ဆုတွေရှိမှလည်း ကျွန်တော်တို့ ပန်းတိုင်တစ်ခုကို သွားလို့ရမှာပေါ့။ ကျွန်တော်တို့ တိုင်းပြည်အတွက် ဒီလိုမျိုးတွေရှိတာ အရမ်းအကျိုးပြုတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်"ဟု Myint and Associate Co., Ltd ဒ ါရိုက်တာ ဦးစည်သူမိုးမြင့်က ပြောသည်။

၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံအိမ်ရာနှင့် ဆောက်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးမှု အပေါ်မှာ ပထမဆုံးအကြိမ် ပြုလုပ်သည့် ယင်းဆုချီးမြှင့်ပွဲက အရည်အသွေးပိုင်းဆိုင်ရာနှင့် ရည်ရွယ်ချက်များအပေါ်တွင်  ဆုံးဖြတ် အကဲဖြတ်ခြင်း ဖြစ်သည်။

Yoma Strategic Holdings Ltd ၏ အမှုဆောင် ဒါရိုက်တာ Mr. Searge Pan လည်း "အဆောက်အအုံ အဆင့် မြှင့်တင်မှုတွေကို ကျွန်တော်တို့် အချိန်တိုင်း လုပ်ဆောင်နေပါတယ်။ နှစ်အနည်းငယ်ထဲမှာပဲ ဒီဈေးကွက်က တိုးတက်လာတာတွေရှိလာတော့ ကျွန်တော်တို့က ပိုပြီးဖွံ့ဖြိုးအောင်၊ ဒီဇိုင်းပိုင်းတွေ ပိုကောင်းအောင် လုပ်ဆောင်ရပါတယ်။ ရှေ့ဆက်လုပ်ဖို့က ဒီထက်ပိုပြီး လိုအပ်နေတာကိုလည်း တွေ့ရပါတယ်။  ဥပမာ  မြို့တစ်ခုလုံးမှာရှိတဲ့ အဆောက်အအုံ တစ်ခုလုံးကို ခြုံငုံပြီး အသေးစိတ် လုပ်ကိုင်ရတာမျိုးတွေ၊ ပတ်ဝန်းကျင်နဲ့ ပိုပြီးလိုက်လျောညီထွေမှုရှိအောင် ပြုပြင်ရတာမျိုးတွေပေါ့။ ကျွန်တော်တို့က အဆောက်အအုံရဲ့ အရည်အသွေးကို အမြဲတမ်းစောင့်ကြည့်နေပါတယ်"ဟု ပြောသည်။

နှစ်အနည်းငယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဆောက်အအုံ တည်ဆောက်မှု အပိုင်းတွေမှာ ပြည်တွင်းနှင့် နိုင်ငံခြားတည်ဆောက်သူများက အကောင်အထည် ဖော်နေသော အပိုင်းများ ရှိနေသော်လည်း  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းသည့် အပိုင်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြုရေးများသည်လည်း ယှဉ်တွဲစဉ်းစားရမည့် အခြေအနေများ ဖြစ်နေသည်။

"သေချာတာပေါ့၊ မှန်မှန်ကန်ကန်လုပ်ကိုင်ဖို့အတွက် ဥပဒေကို လိုက်နာရမှာ ဖြစ်ပါတယ်။  ကမ္ဘာအရပ်ရပ်က အစိုးရကလည်း တည်ဆောက်မှုတွေကို အားပေးကူညီနေသလို ကျွန်တော်တို့ကလည်း စည်းမျဉ်းဥပဒေအတိုင်း အလုပ်လုပ်မှာဖြစ်ပါတယ်၊ ချိုးဖောက်ဖို့မရှိပါဘူး" ဟု Real Estate-YSH ၏ Head of Asset Management ပီတာ ခရိုဟာ့(စ)က ပြောသည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးအတွေ့အကြုံဖြစ်လာသော ၎င်းအိမ်ရာဆောက်လုပ်ရေးဆိုင်ရာ ဆုပေးအပ်ပွဲမှာ ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့က အကောင်းဆုံးဗိသုကာလက်ရာဆုများ၊ အကောင်းဆုံး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုဆုများကို အသီးသီးဆွတ်ခူးခဲ့ကြသည်။

ထို့အပြင် ဒဂုံစီးတီး (၁) အဆင့်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်မည့် မာဂါလန်းမာ့ကုမ္ပဏီ တည်ထောင်သူ ဒေါက်တာ စတီဖင် ရွှန်း(န)ကလည်း အကောင်းဆုံးအိမ်ခြံမြေတည်ဆောက်သူ လူပုဂ္ဂိုလ်ဆုကိုလည်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required