မဲမဆွယ်ဖို့တားတဲ့ ဦးစခုန်တိန့်ယိမ်းကို NLD ကန့်ကွက်၊ NLD နှင့် USDP ၏ကန့်ကွက်လွှာ ၃ခု ကော်မရှင်ရထား

မဲမဆွယ်ဖို့တားတဲ့ ဦးစခုန်တိန့်ယိမ်းကို NLD ကန့်ကွက်၊ NLD နှင့် USDP ၏ကန့်ကွက်လွှာ ၃ခု ကော်မရှင်ရထား

ရန်ကုန်၊ ဒီဇင်ဘာ ၈။     ။ကချင်ပြည်နယ်အမျိုးသားလွှတ်တော်အမှတ် ၅၊ မဲဆန္ဒနယ်များ၏ နေရာအများအပြားတွင် မဲဆွယ်ခွင့် တားမြစ်ခဲ့သည့် ဦးစခုန်တိန့်ယိမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကန့်ကွက်ထားပြီး NLD နှင့် ပြည်ခိုင်ဖြိုး USDP တို့၏ရွေးကောက်ပွဲကန့်ကွက်လွှာ ၃ခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြီးတန်း အရာရှိတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

"ကချင်မှာ NLD ကကန့်ကွက်တာ ၂ခု၊ ရှမ်းမှာ USDP ကကန့်ကွက်တာ ၁ခု၊ အမျိုးသားလွှတ်တေ်ာ ၂နေရာရယ်၊ ပြည်နယ်လွှတ်တော် ၁နေရာ၊ စုစုပေါင်း ၃ခုရောက်တယ်။" ဟု ယင်းအကြီးတန်းအရာရှိက ဆိုသည်။

ရွေးကောက်ပွဲကျင်းပပြီးသည့်အချိန်မှ ဒီဇင်ဘာ ၇ရက်နေ့အထိ ပထမဆုံးရောက်ရှိသည့် ကန့်ကွက်လွှာ ၃ခုလည်း ဖြစ်သည်။

NLD က ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၅မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးစခုန်တိန့်ယိမ်းနှင့်၊ ပြည်နယ်လွှတ်တော် မချမ်းဘောမဲဆန္ဒနယ် အမှတ် ၁ အနိုင်ရ USDP ပါတီကိုယ်စားလှယ် ဦးရာဝမ်ဂျုံတို့ကို ကန့်ကွက်ခြင်းဖြစ်ပြီး၊ USDP ကမူ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်အမှတ် ၅မှ အနိုင်ရရှိသည့် တအောင်း ပလောင်အမျိုးသားပါတီမှ ကိုယ်စားလှယ်ကို ကန့်ကွက်ထား သည်ဟုကော်မရှင်အကြီးတန်းအရာရှိကဆိုသည်။

ဦးစခုန်တိန့်ယိမ်းနှင့် ပြည်သူ့စစ်အဖွဲ့တို့က ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ အတွင်းပါရှိသည့် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန် မဲဆန္ဒနယ်များ၏ ကျေးရွာအများအပြားတွင်  NLD အမတ်များ မဲဆွယ်စည်းရုံးမှု လုံးဝမပြုလုပ်ရန် တားဆီးခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးရန် တရားဝင်ခွင့်ပြုသော်လည်း စက်တင်ဘာ ၂၉ရက်နှင့် အောက်တိုဘာ ၁၂ရက်တို့တွင် အဆိုပါမဲဆန္ဒနယ်အတွင်း မဲဆွယ်စည်းရုံးရန်သွားရောက်သည့် NLD အမတ်များကို တားဆီးခဲ့သည်။

"ကျွန်တော်တို့ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်အဲဒီနေရာတွေမှာတားတယ်၊ ဗီနိုင်းတွေကိုဖျက်ဆီးတယ်၊ ကမ်းဖန့်၊ ချီမော်တို့ကိုသွားတုန်းကဆိုရင် ပစ္စည်းတွေကိရိုက်ဖျက်ဆီးပြီး ညတွင်းချင်းမောင်းထုတ်တယ်။ အဲဒီတုန်းက သူ့(စခုန်တိန့်ယိမ်း)သား စခုန်တိန့်ယိမ်းထောင်ပေါ့။ ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကိုယ်စားလှယ် ထားလို့မရဘူး။ " ဟု ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် အမှတ် ၅တွင် ဦးစခုန်တိန့်ယိမ်း နှင့် ယှဉ်ပြိုင်ခဲ့သူ NLD ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦးက မဇ္ဈိမကိုပြောသည်။

ဦးစခုန်တိန့်ယိမ်းကို ကချင်ပြည်နယ်လွှတ်တော် ဆော့လော်မဲဆန္ဒနယ် အမှတ်၁မှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးစံဝေခေါင်လွမ်းက ကန့်ကွက်ခြင်းဖြစ်ပြီး၊ ဦးကျော်ကျော်ဦးကလည်း ထပ်မံကန့်ကွက်သွားမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲကျင်းပပြီးစီးသည့်နေမှစ၍ ရက်ပေါင်း ၄၅ရက်အတွင်း ရွေးကောက်ပွဲကန့် ကွက်လွှာများကို ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ကန့်ကွက်ရမည်ဟု သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် များတွင်ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags