မြောက်ဒဂုံ ငမိုးရိပ်ချောင်းဘေး ကျူးကျော်တဲများကို ၁၀ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စာပို့

မြောက်ဒဂုံ ငမိုးရိပ်ချောင်းဘေး ကျူးကျော်တဲများကို ၁၀ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စာပို့

ရန်ကုန်၊ ဒီဇင်ဘာ ၇ ။ ။ မြောက်ဒဂုံမြို့နယ် ၄၁တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းဘေးရှိ ကျူးကျော်အိမ်များကို ဒီဇင်ဘာ ၁၀ရက်တွင် အပြီး ဖယ်ရှားပေးရန် မြောက်ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီက သတိပေးစာထုတ်ပြန်ထားကြောင်း ထိုနေရာတွင် နေထိုင်သည့် ကျောင်းဆရာအငြိမ်းစား ဦးအောင်ဌေးက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၅ ရက်က မြောက်ဒဂုံ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ လာရောက်၍ ကျူးကျော်နေထိုင်သည်ဟုဆိုကာ အိမ်အလုံး ၆၀ခန့် မိသားစု ၃၀၀ ကျော်အား ဖယ်ရှားပေးရန် ပြောဆိုခဲ့ပြီး ခြံစည်းရိုးများ ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ၄၁တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နေထိုင်သူများက ဝိုင်းဝန်းကန့်ကွက်ကြသောကြောင့် သတိပေးစာပေးပြီး ပြန်လည်ထွက်ခွားသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

စည်ပင်သာယာရေးအနေနှင့် ငမိုးရိပ်ချောင်းဘေးတစ်လျှောက် စစ်ဆေးခဲ့ရာ လူကြီးမင်းတို့၏ ဆိုင်များသည်  ကျူးကျော်ဆောင်ရွက်ထားသည်ကို တွေ့ရှိရသာကြောင့် ဒီဇင်ဘာ ၁၀ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရမည် ဖြစ်ကာ ဖယ်ရှားမပေးပါက စည်ပင်သာယာရေး ဥပဒေအရ အရေးယူခံရမည်ဟု စာပေးပို့ထားခြင်းဖြစ်သည်။

လက်ရှိနေထိုင်နေသူများ အနေဖြင့် အစိုးရဘက်မှ စီမံကိန်းတစ်ခုခုကြောင့် ဖယ်ရှားခိုင်းပါက ဖယ်ရှားပေးမည်ဖြစ်ပြီး ယခုလို ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ လုပ်ငန်းအတွက်ဆိုပါက လုံးဝဖယ်ရှားပေးမည်မဟုတ်ဘဲ နိုင်ငံတော် သမ္မတ အဆင့်ထိ အသနားခံစာတင်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများကို ပြုလုပ်သွားမည်ဟု နေထိုင်သူများ ကိုယ်စား ဦးအောင်ဌေးကပြောသည်။

ယင်းနေရာသည် ပထမတွင် ကြက်ဆူခြံဖြစ်ခဲ့ပြီး နောက်စည်ပင်ပိုင်မြေ ထိုမှတဆင့် မြို့နယ်အုပ်ချုပ်ရေး စိုက်ခင်းသို့ အဆင့်ဆင့်ပြောင်းလည်းခဲ့ပြီး ၂၀၁၂ ခုနှစ် အထိ နေထိုင်သူများကို ဧည့်စာရင်းပေးခဲ့ေကြောင်း ၆ နှစ်ကြာနေထိုင်ခဲ့သူ ဒေါ်သန္တာဇော်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required