မစုစုနွေး အာမခံယူပြီး ပြန်လည်လွတ်မြောက်လာ

မစုစုနွေး အာမခံယူပြီး ပြန်လည်လွတ်မြောက်လာ

ပြင်ဦးလွင်၊ ဒီဇင်ဘာ ၇ ။ ။ ပြင်ဦးလွင်မြို့တွင် ဒီဇင်ဘာလ ၆ ရက်က ဖမ်းဆီးခံခဲ့ရသော တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ မစုစုနွေးကို ပြင်ဦးလွင်မြို့နယ် တရားရုံးမှ ဒီဇင်ဘာလ ၇ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လည် လွတ်မြောက်လာကာ အပြင်မှ အမှုကို ရင်ဆိုင်သွားမည်ဟု မစုစုနွေးကပြောသည်။
 
“အပြင်ကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီး အဆုံးထိ ရင်ဆိုင်ဖြေရှင်းသွားမယ်" ဟု အာမခံယူအပြီးတွင် မစုစုနွေး က ပြောသည်။
 
ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာတွင် လယ်မြေအသိမ်းဆည်ခံတောင်သူများအား ခရိုနီတစ်ဦးမှ ဥပဒေမဲ့စွာ ဖမ်းဆီးရိုက်နှိက်ခြင်းနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇွန်လက မစုစုနွေးမှ ဒေသခံများကို ဦးဆောင်၍ ခွင့်ပြုမိန့်မတင်ဘဲ ဆန္ဒပြခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် ပြင်ဦးလွင်မြို့နယ် (မြို့မ)ရဲစခန်းမှ (ပ)၁၂၂/၁၄၊ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
 
ပြင်ဦးလွင်မြို့နယ်၊ (မြို့မ)ရဲစခန်းမှ စခန်းမှူးက “အမှုက ၂၀၁၄ ခုနှစ်ကတည်းက ဖွင့်ထားတာပါ။ခုမှကောက်ဖမ်းတာမဟုတ်ပါဘူး။” ဟုပြောသည်။
 
မစုစုနွေးအမှုအား လိုက်ပါကူညီဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်စွာထွန်း(ရန်ကုန်ရှေ့နေအသင်း) က “ဖြစ်စဉ်အတိအကျတော့ မသိရသေးပါဘူး။ ဒီနေ့အာမခံယူလိုက်တယ်။" ဟုပြောသည်။
 
တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာအောင်ဌေးကလည်း “ကျွန်တော်တို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန်ကူညီသွားမယ်။" ဟုပြောသည်။
 
ဒေသခံတောင်သူ မစန္ဒာအေးက “ကျွန်မတို့ရွာကလူတွေ မတရားခံရလို့ အစ်မက အမှန်တရားပေါ်ပေါက်ဖို့ ကူညီတာ အခုလိုအဖမ်းခံရတော့ ဝမ်းနည်းတယ်။" ဟုပြောသည်။
 
ဒုတိယ ရုံးချိန်းအဖြစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ပြန်လည် ချိန်းဆိုလိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags