TNLA နှင့် RCSSတို့ တိုက်ပွဲအတွင်း ဖမ်းဆီးခံ ပြည်သူ ၂၀ကျော်ကို အမြန်လွှတ်ပေးရန် ဒေသခံတို့ တောင်းဆို

TNLA နှင့် RCSSတို့ တိုက်ပွဲအတွင်း ဖမ်းဆီးခံ ပြည်သူ ၂၀ကျော်ကို အမြန်လွှတ်ပေးရန် ဒေသခံတို့ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၇ ။          ။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မိုင်းဝီးနှင့် ဟိုပန်ကျေးရွာအနီးဖြစ်ပွားခဲ့သော တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) နှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲအတွင်း TNLA မှ ဖမ်းဆီးထားသည့် ပြည်သူ ၂၀ ကျော်ကို အမြန်ဆုံးလွှတ်ပေးရန် နမ့်ခမ်းဒေသခံတို့က တောင်းဆိုလိုက်သည်။

တအာင်း လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)နှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့သည် နိုဝင်ဘာလ ၂၇ ရက်တွင် စတင်ကာ နမ့်ခမ်းမြို့နယ်အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး TNLA က ဒေသခံများကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း နမ့်ခမ်းမြို့ အုပ်ချုပ်ရေးအဖွဲ့မှ စိုင်းအိုက်အောင်က ပြောသည်။

"ဖြစ်တာက ၂၇ရက်နေ့က စဖြစ်တာပေါ့။ အဲဒီလိုဖြစ်ပြီးတော့ ဒေသခံ ၂၀ ကျော်လောက်ကို ဖမ်းထားတယ်ပေါ့။ ကျွန်တော်တို့အနေနဲ့ ဒီပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ်။ ဒီနေ့လည်း ပါတီတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် RCSSက တာဝန်ရှိသူတွေနဲ့ အစည်းဝေး လုပ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်"ဟု စိုင်းအိုက်အောင်က ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ ၎င်းတို့ ထိမ်းချုပ်နယ်မြေအတွင်းသို့ ရှမ်းပြည်တပ်မတော် (RCSS) မှ နယ်မြေချဲ့ထွင်လာမှုကြောင့်သာဖြစ်ပြီး ယင်းတိုက်ပွဲများမှာ လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကြား ဖြစ်ပွားသည့် ပဋိပက္ခသာဖြစ်ပြီး လူမျိုးရေး ပဋိပက္ခမဟုတ်ကြောင်း တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့က တုန့်ပြန်ပြောကြားသည်။

"အခု ဖြစ်နေတဲ့ ထိတွေ့မှုတွေက လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဖြစ်တဲ့ ပြဿနာပါ။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေထဲကို သူတို့က နယ်မြေချဲ့ထွင်ပြီးတော့ ခြေကုပ်ယူဖို့လုပ်လာလို့ ထိတွေ့မှုတွေ ဖြစ်နေတာပါ။ အခုပြောနေတဲ့ ပြည်သူတွေကို ဖမ်းဆီးထားတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖမ်းဆီးထားတာမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့မှာ အဲလို ဖမ်းဆီးဖို့ မူဝါဒလည်းမရှိပါဘူး"ဟု  တအာင်းလွတ်မြောက်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး တားအိုက်ကျော်က ပြောသည်။

လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း(၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသော်လည်း ဒေသခံပြည်သူများကို ဖမ်းဆီးထားခြင်း ရိုက်နှက်နှိပ်စက်ခြင်းများမပြုလုပ်ခဲ့ကြောင်း တအာင်းလွတ်မြောက်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတားအိုက်ကျော်က တုံ့ပြန်သည်။

ယင်းအပြင် တိုက်ပွဲများအတွင်း RCSS ဘက်မှနေ၍ တပ်မတော်က ကူတိုက်ပေးနေသည်ဟုလည်း TNLAက စွပ်စွဲကာ ဒီဇင်ဘာ ၆ရက်နေ့က ထုတ်ပြန်ထားသေးသည်။

တိုက်ပွဲများဖြစ်ပွားနေမှုနှင့် ပတ်သက်၍ နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် နမ့်ခမ်းမြို့ လူမှုညီညွတ်ရေးအသင်းတို့မှ ဒီဇင်ဘာလ ၆ရက်တွင် RCSSနှင့် TNLAတို့အကြား စစ်ပွဲ များရပ်တန့်ပေးရန်နှင့် ဖမ်းဆီးခံ ဒေသခံများအားအမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required