ရန်ကုန်ဆိပ်ကမ်းတွင် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ရန် ခက်ခဲနေ၍ Asia World အပေါ် ပိတ်ဆို့ဒဏ်ခတ်မှှု ဖြေလျှော့ရန် စီစဉ်

ရန်ကုန်ဆိပ်ကမ်းတွင် အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ရန် ခက်ခဲနေ၍ Asia World အပေါ် ပိတ်ဆို့ဒဏ်ခတ်မှှု ဖြေလျှော့ရန် စီစဉ်
ပုံစာ - ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အေးရှားဝေါ (ASIA WORLD) ကုမ္ပဏီ၏ နိုင်ငံခြား သွင်းကုန်ထုတ်ကုန်အား အဓိကလုပ်ဆောင်နေသည့် ကွန်တိန်နာ သင်္ဘောဆိုဒ်ကပ်သည့် ဆိပ်ကမ်းအားတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။            ။ မြန်မာနိုင်ငံ၏ အဓိက ကုန်တင်ဆိပ်ကမ်းဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းမှာ အမည်ပျက်စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး လုပ်ကိုင်လည်ပတ်နေသော ဆိပ်ကမ်းတစ်ခုဖြစ်သဖြင့် အမေရိကန်ဘဏ်များအနေဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ငွေကြေးပေးချေရေးနှင့် ပတ်သတ်၍ အခက်အခဲများ ရှိနေရာ၊ အမေရိကန်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့ရန် စိုင်းပြင်းလာသည်။

အမေရိကန်အစိုးရသည် အေးရှားဝေါလ်ဒ် ကုမ္ပဏီအား ၂၀၁၀ ခုနှစ်ကတည်းက စတင်ကာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်းအား အေးရှားဝေါလ်ဒ် ကုမ္ပဏီက လုပ်ကိုင် လည်ပတ်နေခြင်း ဖြစ်ကြောင်း သိရှိလာကြပြီးနောက်၊ ထိုဆိပ်ကမ်း၌ ကုန်သွယ်ဆောင်ရွက် ခြင်းများလုပ်ဆောင်ရာတွင် ငွေကြေးပေးချေရေးကိစ္စများ နှင့် ပတ်သတ်၍ ဇူလိုင်လမှစကာ အမေရိကန်ဘဏ်များ အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်သည်။

ကွယ်လွန်သွားပြီဖြစ်သည့်ဘိန်းဘုရင်လော်စစ်ဟန် ၏ သားဖြစ်သူ စတီဗင်လော (Steven Law) က အေးရှားဝေါလ်ဒ် ကုမ္ပဏီအား ထိန်းချုပ်ထားခြင်း ဖြစ်ပြီး စတီဗင်လော ကိုလည်း အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူထားရာ၊ ရန်ကုန်ဆိပ်ကမ်း၌ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေပေးချေရေးနှင့် ပတ်သတ်၍ အမေရိကန်ဘဏ်များ အခက်ကြုံလာကြသဖြင့် ပိတ်ဆို့အရေးယူမှှုကို ဖြေလျှော့ရန် အမေရိကန်က ပြင်ဆင်လာခြင်း ဖြစ်သည်။

အေးရှားဝေါလ်ဒ် ပိုင်ရှင် စတီဗင်လောသည် ယခင်စစ်အစိုးရလက်ထက်တွင် အောင်မြင်ကြီးပွါး လာခဲ့သူ ဖြစ်သည်။ မသမာသည့် လုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် စစ်အုပ်စုအား အထောက်အကူပြုခဲ့ခြင်း အတွက် သူ့အား အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူ လော်စစ်ဟန်မှာလည်း ဘိန်းဘုရင်တစ်ဦးဖြစ်ကာ၊ ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းကာလကများက ကမ္ဘာ့ အဓိက ဘိန်းဖြန့်ဖြူးသူများစာရင်းတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

သို့သော် အမေရိကန် နှင့် မြန်မာအစိုးရ ဆက်ဆံရေး နွေးထွေးလာခြင်းနှင့် အမေရိကန် စီးပွားရေးအသိုက်အဝန်း၏ ဖိအားပေးမှှုများကြောင့် ဘဏ္ဍာရေးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနက၊ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များအနေဖြင့် ရန်ကုန်ရှိ အေးရှားဝေါလ်ဒ် ဆိပ်ကမ်း အသုံးပြုခများ ပေးချေခွင့်ရရန်အတွက် အထွေထွေလိုင်စင်တစ်ရပ် ချပေးရန် ပြင်ဆင်နေသည်။

ပိတ်ဆို့အရေးယူမှှု ဖြေလျှော့ပေးရေးနှင့်ပတ်သတ်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ကွန်ဂရက်လွှတ်တော်တွင် ပြောဆိုခဲ့ကြပြီး၊ အစိုးရတာဝန်ရှိသူတစ်ဦးကလည်း လာမည့် သီတင်းပတ်အတွင်း ထိုကိစ္စကို စောနိုင်သမျှစောစွာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မကြာသေးမီက သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပထားသည့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သတ်၍ အမေရိကန် အစိုးရက ကူညီရန် ကြိုးစားလျက်ရှိသည်။ သို့သော် ပိတ်ဆို့အရေးယူမှှု   ဖြေလျှော့ရေး ဆောင်ရွက်လာလျှင် အမေရိကန်လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေးအဖွ့ဲများ၏ ကန့်ကွက်ဝေဖန်မှုများလည်း ထွက်ပေါ်လာနိုင်သည်။

မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုအချို့ကို အပြီးသတ်လုပ်ဆောင်နိုင်ခြင်း မရှိသေးရာ၊ အေးရှားဝေါလ်ဒ်အပေါ် ပိတ်ဆို့အရေးယူမှှု ဖြေလျှော့ပေးရေးနှင့် ပတ်သတ်၍ အချို့ အမေရိကန် အမတ်များက အချိန်မတန်သေးဟု ယူဆထားကြသည်။

 မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်က ချောမောစွာကျင်းပနိုင်ခဲ့ပြီး၊ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရထားသည်။

Ref: AP, Bloomberg

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly