ပါတီထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နာမည်ကို အလွဲသုံးပါက ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ NLD ဆို

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နာမည်ကို အလွဲသုံးပါက ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ NLD ဆို

ရွေးကောက်ပွဲအနိုင်ရ ပါတီဝင်အမတ်များအနေဖြင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ၏ နာမည်ကို အလွဲသုံးစားလုပ်ပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုခဲ့ကြောင်း NLDပါတီ၏ ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၅ရက်က အစိုးရရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားမြို့ရှိ မေခန်းမတွင် အထက်မြန်မာပြည်ရှိ ရွေးကောက်ပွဲအနိုင်ရ အမတ်များနှင့်တွေ့ဆုံစဉ် ထိုသို့ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပါတီထဲက အကြီးပိုင်းထဲက တစ်ယောက်ယောက်နာမည်ကိုသုံးပြီးတော့ပေါ့နော်။ တစ်ခုခုလုပ်တာ တွေ့လို့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတာလည်း ပြောတယ်” ဟု တွေ့ဆုံပွဲတွင် ပါဝင်သည့် ပခုက္ကူမြို့နယ်မှ မကွေးတိုင်းလွှတ်တော်အမတ် ဒေါ်ဇင်နီနီဝင်းက တွေ့ဆုံပွဲအပြီးတွင် ပြောသည်။

ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးချင်းစီအနေဖြင့် တာဝန်ကိုယ်စီ ကျေပွန်ရန်လိုအပ်သလို ပါတီဝင် တိုင်းရင်းသားအမတ်များကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ညွှန်ကြားသွားသည်ဟုလည်း ဒေါ်ဇင်နီနီဝင်းက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်မြန်မာပြည်ရှိ အနိုင်ရအမတ်များအား နိုဝင်ဘာ ၂၈ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် တွေ့ဆုံပြီးနောက် အထက်မြန်မာနိုင်ငံရှိ အနိုင်ရအမတ်များအား ထပ်မံ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် ပါဝင်သည့် NLDပါတီမှ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ဦးအောင်ကြည်ညွှန့်ကလည်း “အဓိက သူပြောသွားတာကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်းဟာ ဘာ့ကြောင့်၊ ဘယ်လိုအောင်မြင်ခဲ့သလိုဆိုတာဟာ ပါတီရဲ့ပုံရိပ်အပေါ်မှာ မူတည်ပြီး အောင်မြင်ခဲ့တဲ့အတွက် ဒီအပေါ်မှာ မထောင်လွှားဖို့နဲ့ ဒီအပေါ်မှာ မာန်မာနမကြီးဖို့ အဓိက ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦးဖြင့် အပြတ်အသတ်အနိုင်ရကာ အစိုးရဖွဲ့စည်းခွင့် ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly