ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ သွားရာလမ်း

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ သွားရာလမ်း

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို လာမယ့်တစ်ပတ် အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ တစ်ချို့အသင်းတွေက ၁၆ သင်း အဆင့်တက်ဖို့ လက်မှတ်ရခဲ့ပြီးဖြစ်သလို တချို့အသင်းတွေကတော့ နောက်ဆုံးပွဲထိ ရုန်းကြရဦးမှာပါ။ ဒါ့အပြင် ယူရိုပါလိဂ်ကစားခွင့်ရမယ့် အုပ်စုတတိယနေရာအတွက် အပြိုင်ဖြစ်နေတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ်။ အုပ်စု တစ်ခုချင်းစီအလိုက် အသင်းတွေရဲ့ အနေအထားတွေကို ဖော်ပြပေးချင်ပါတယ်။

အုပ်စု (က)

ရီးယဲလ်၊ ပီအက်စ်ဂျီ၊ ရှက်တာဒိုးနက်၊ မယ်လ်မို

ဒီအုပ်စုမှာတော့ ဇယားထိပ်က ၁၃ မှတ်ရထားတဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ၁၀ မှတ်ရထားတဲ့ ပီအက်စ်ဂျီတို့ဟာ နောက်တစ်ဆင့် တက်သွားခဲ့ပြီးဖြစ်ပြီး အုပ်စုပထမနေရာကိုသာ လုကြရမှာပါ။ အဆင့် ၃ နဲ့ အဆင့် ၄ နေရာမှာရောက်နေတဲ့ ရှက်တာဒိုးနက်နဲ့ မယ်လ်မိုတို့ကတော့ သုံးမှတ်စီရထားတာခြင်း တူပေမယ့် ရှက်တာဒိုးနက်ကပဲ ယူရိုပါလိဂ်ကစားခွင့်ရဖို့ သေချာသလောက် ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ မယ်လ်မိုကို သာထားသလို ဂိုးကွာခြားချက်မှာလည်း သာနေလို့ပါ။ ဒီနှစ်သင်းလုံးဟာ နောက်ဆုံးပွဲမှာ ရှက်တာက ပီအက်စ်ဂျီနဲ့ အဝေးကွင်း၊ မယ်လ်မိုက ရီးယဲလ်နဲ့ အဝေးကွင်း ရင်ဆိုင်ရမှာပါ။ ဒီတော့ သရေတစ်မှတ်ရဖို့တောင်မလွယ်ကူကြလို့ လက်ရှိအတိုင်းပဲဆက်သွားမယ်ဆိုရင်တော့ ရှက်တာပဲ ယူရိုပါလိဂ်ကစားခွင့်ရသွားမှာ ဖြစ်ပါတယ်။

အုပ်စု (ခ)

ဝုဖ်ဘတ်၊ မန်ယူ၊ ပီအက်ဗွီ၊ စီအက်စ်ကေအေ မော်စကို

ဒီအုပ်စုကတော့ စိတ်ဝင်စားစရာအကောင်းဆုံး အုပ်စုဖြစ်ပါတယ်။ ဇယားမှာ ဝုဖ်ဘတ် ၉ မှတ်၊ မန်ယူ ၈ မှတ်၊ ပီအက်စ်ဗွီ ၇ မှတ်၊ စီအက်စ်ကေအေ ၄ မှတ်နဲ့ အစဉ်လိုက် ရှိနေပါတယ်။ နောက်ဆုံးပွဲမှာ ဝုဖ်ဘတ်က မန်ယူကို အိမ်ကွင်း၊ ပီအက်စ်ဗွီက စီအက်စ်ကေအေကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ စီအက်စ်ကေအေအနေနဲ့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်မရှိတော့ပေမယ့် ပီအက်စ်ဗွီကို အနိုင်ကစားခဲ့မယ်ဆိုရင် ယူရိုပါလိဂ် ကစားခွင့်ရမှာဖြစ်ပါတယ်။ အလားတူ ပီအက်စ်ဗွီကလည်း စီအက်စ်ကေအေကို နိုင်မယ်ဆိုရင် ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သရေကျမယ်ဆိုရင်တော့ တစ်ဖက်က မန်ယူအသင်း ဝုဖ်ဘတ်ကို ရှုံးသွားမှသာ ပီအက်စ်ဗွီနောက်တစ်ဆင့်တက်မှာပါ။ ဝုဖ်ဘတ်နဲ့ မန်ယူပွဲမှာလည်း ဝုဖ်ဘတ်က သရေကျလို့ရပေမယ့် မန်ယူကတော့ အနိုင်ရပါမှ စိတ်ချရမှာဖြစ်ပါတယ်။ သရေကျရင် ပီအက်စ်ဗွီရဲ့အနေအထားကိုကြည့်ပြီးမှ နောက်တစ်ဆင့်တက်မှာလား ယူရိုပါလိဂ် ၃၂ သင်း အဆင့်ကစားရမှာလားဆိုတာ သိရမှာပါ။

အုပ်စု (ဂ)

အက်သက်တီကို၊ ဘင်ဖီကာ၊ ဂါလာတာစာရေး၊ အက်စ်တာနာ

ဒီအုပ်စုမှာတော့ အက်သလက်တီကိုနဲ့ ဘင်ဖီကာက ၁၀ မှတ်စီရထားလို့ နောက်တစ်ဆင့် တက်သွားပါပြီ။ ၄ မှတ်ရထားတဲ့ ဂါလာတာစာရေးနဲ့ ၃ မှတ်ရထားတဲ့ အက်စ်တာနာတို့က ယူရိုပါလိဂ်နေရာကို လုရမှာပါ။ နောက်ဆုံးပွဲမှာ ဘင်ဖီကာက အက်သလက်တီကို ကို အိမ်ကွင်းမှာကစားရမှာဖြစ်ပြီး ဂါလာတာစာရေးက အက်စ်တာနာကို အိမ်ကွင်းမှာကစားရမှာပါ။ ဘင်ဖီကာ-အက်သလက်တီကိုပွဲက အုပ်စုပထမ နေရာလုပွဲဖြစ်ပြီး ဂါလာတာစာရေး-အက်စ်တာနာပွဲကတော့ ယူရိုပါလိဂ်နေရာလုပွဲဖြစ်ပါတယ်။

အုပ်စု (ဃ)

ဂျူဗင်တပ်၊ မန်စီးတီး၊ ဂလက်ဘတ်၊ ဆီဗီလာ

၁၁ မှတ်ရထားတဲ့ ဂျူဗင်တပ်နဲ့ ၉ မှတ်ရထားတဲ့ မန်စီးတီးတို့နောက်တစ်ဆင့် တက်သွားခဲ့ပြီဖြစ်ပြီး ၅ မှတ်ရထားတဲ့ ဂလက်ဘတ်နဲ့ ၃ မှတ်ရထားတဲ့ ဆီဗီလာကတော့ ယူရိုပါလိဂ်နေရာကို လုရမှာပါ။ နောက်ဆုံးပွဲမှာ ဂလက်ဘတ်က မန်စီးတီးကွင်း သွားကစားရမှာဖြစ်ပြီး ဆီဗီလာကတော့ ဂျူဗင်တပ်ကို အိမ်ကွင်းမှာ ကစားရမှာပါ။ ဂလက်ဘတ်နဲ့ ဆီဗီလာတို့ရဲ့ ယူရိုပါလိဂ်တစ်နေရာဟာ နောက်တစ်ဆင့် တက်ပြီးသား အသင်းနှစ်သင်းရဲ့ အားထုတ်မှုပေါ်မှာ မူတည်နေတဲ့ အုပ်စုဖြစ်ပါတယ်။

အုပ်စု (င)

ဘာစီလိုနာ၊ ရိုးမား၊ လေဗာကူဆင်၊ ဘိုရီဆော့ဗ်

ဘာစီလိုနာအသင်းက ရမှတ် ၁၃ မှတ်နဲ့ နောက်တစ်ဆင့် တက်သွားခဲ့ပြီဖြစ်ပေမယ့် ၅ မှတ်စီရထားတဲ့ ရိုးမားနဲ့ လေဗာကူဆင်၊၄ မှတ်ရထားတဲ့ ဘိုရီဆော့ဗ်တို့ကတော့ နောက်ဆုံးပွဲထိ ကြိုးစားကြရဦးမှာဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ ဘာစီလိုနာကို အိမ်ကွင်းမှာကစားရမယ့် လေဗာကူဆင်ကတော့ ပွဲကြပ်နေပြီး ရိုးမားကတော့ ဘိုရီဆော့ဗ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ရိုးမား၊ လေဗာကူဆင်၊ ဘိုရီဆော့ဗ် တို့အနက် ဘယ်အသင်း နောက်တစ်ဆင့်တက်ပြီး ဘယ်အသင်း ယူရိုပါလိဂ် ရောက်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အုပ်စု (စ)

ဘိုင်ယန်မြူးနစ်၊ အိုလံပီယာကို့စ်၊ အာဆင်နယ်၊ ဒိုင်နမိုဇာဂရက်

အုပ်စုအစပိုင်းပွဲတွေမှာ ကံမကောင်းခဲ့တဲ့ နာမည်ကြီး အာဆင်နယ်တို့ ရုန်းကန်နေရတဲ့ အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုမှာ ဘိုင်ယန်မြူးနစ်က ၁၂ မှတ်နဲ့ နောက်တစ်ဆင့် တက်သွားပြီဖြစ်ပြီး ၉ မှတ်ရထားတဲ့ အိုလံပီယာကို့စ်၊ ၆ မှတ်ရထားတဲ့ အာဆင်နယ်တို့က နောက်ဆုံးပွဲစဉ်မှ အဖြေ သိရမှာပါ။ ဒိုင်နမိုဇာဂရက်ကတော့ ၃ မှတ်သာ ရထားပါတယ်။ အိမ်ကွင်းမှာတောင် အနိုင်မရခဲ့တဲ့ အာဆင်နယ်တို့ဟာ အိုလံပီယာကို့စ်နဲ့ အဝေးကွင်းမှာ နောက်ဆုံးပွဲ ကစားရမှာဖြစ်ပါတယ်။ နှစ်ဂိုးပြတ်နဲ့အထက် နိုင်မှ နောက်တစ်ဆင့်တက်မယ့် အာဆင်နယ်တို့ ဒဏ်ရာရကစားသမား တစ်သိုက်နဲ့ ဘယ်လိုရုန်းကန်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

အုပ်စု (ဆ)

ချယ်လ်ဆီး၊ ပေါ်တို၊ ဒိုင်နမိုကိဗ်၊ မက္ကာဘီတဲလ်အဗစ်

ဒီအုပ်စုမှာလည်း နောက်တစ်ဆင့်တက်ဖို့ သုံးသင်းအပြိုင်ဖြစ်နေပါတယ်။ ချယ်လ်ဆီးနဲ့ ပေါ်တိုက ၁၀ မှတ်၊ ဒိုင်နမိုကိဗ်က ၈ မှတ်ရထားလို့ပါ။ မက္ကာဘီတဲလ်အဗစ်ကတော့ တစ်မှတ်မှ မရသေးပါဘူး။ နောက်ဆုံးပွဲမှာ ဒိုင်နမိုကိဗ်က မက္ကာဘီတဲလ်အဗစ်ကို အိမ်ကွင်းကစားရမှာဖြစ်လို့ ပွဲချောင်နေချိန်မှာ ချယ်လ်ဆီးနဲ့ ပေါ်တိုကတော့ ချယ်လ်ဆီးကွင်းမှာ ရုန်းကန်ကြရမှာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်က နိုင်ပြီး ချယ်လ်ဆီးနဲ့ ပေါ်တိုသရေကျခဲ့ရင် ဒိုင်နမိုကိဗ်နဲ့ ချယ်လ်ဆီးတို့ နောက်တစ်ဆင့်တက်မှာပါ။ ပေါ်တိုအနေနဲ့ အဝေးကွင်းမှာ သရေကျလို့တောင်မရတဲ့ အနေအထားဖြစ်ပါတယ်။

အုပ်စု (ဇ)

ဇင်းနစ်၊ ဂျန့်၊ ဗလင်စီယာ၊ လိုင်ယွန်

ရာနှုန်းပြည့်အနိုင်ရပြီး ရမှတ် ၁၅ မှတ်ရထားတဲ့ ဇင်းနစ်အသင်း နောက်တစ်ဆင့် တက်သွားပြီဖြစ်ပြီး ၇ မှတ်ရထားတဲ့ ဂျန့်၊ ၆ မှတ် ရထားတဲ့ ဗလင်စီယာတို့က နောက်ဆုံးပွဲထိ ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ ဗလင်စီယာက ရမှတ် ၁ မှတ်သာရထားတဲ့ လိုင်ယွန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး ဂျန့်ကတော့ ဇင်းနစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ဒီအနေအထားက ဇင်းနစ်အသင်းအပေါ် အများကြီး မူတည်နေပါတယ်။ ဗလင်စီယာအနိုင်ရခဲ့ရင်တောင် ဇင်းနစ်က ရှုံးသွားရင် ဂျန့်နောက်တစ်ဆင့်တက်သွားမှာပါ။

.page-node-8194 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required