စစ်သွေးကြွလှုပ်ရှားမှု သံသယဖြင့် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

စစ်သွေးကြွလှုပ်ရှားမှု သံသယဖြင့် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

ဒါကာ၊ ဒီဇင်ဘာ၅ ။            ။ လူကုန်ကူးမှု၊ ငွေစက္ကူခိုးသွင်းခိုးထုတ်မှုအပြင် စစ်သွေးကြွလှုပ်ရှားမှုတွင် ပါဝင်နိုင်သည့် သံသယဖြင့် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၄ က လူခြောက်ဦးကို ဖမ်းဆီးခဲ့သည်ဟု အထူးတပ်ဖွဲ့ Rapid Action Battalion မှ ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားသည်။

မြို့တော်ဒါကာ၏ နေရာအသီးသီးတွင် ဖမ်းမိခဲ့သော ယင်းအမျိုးသားများထဲတွင် ပါကစ္စတန်နိုင်ငံသားတစ်ဦးပါဝင်သည်ဟု မတ်ဖ်တီမာမွတ်ခန်က ရိုက်တာသို့ပြောသည်။ အမေရိကန်ဒေါ်လာ၊ ပါကစ္စတန်ရူပီး၊ယူအေအီးဒါဟမ်းနှင့် ဆော်ဒီ ရီယယ်ငွေစက္ကူများအပါအဝင် များပြားလှသည့် နိုင်ငံခြားငွေစက္ကူများနှင့် အတူ အိန္ဒိယငွေရူပီးအတု ၁၀ သန်းနှင့် ဘင်္ဂလားဒေ့ရှ်တာကာ ၆၂၄,၀၀၀ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

"ဘင်္ဂလားဒေ့ရှ်မှာ စစ်သွေးကြွလှုပ်ရှားမှုတွေ ဒါမှမဟုတ် အဖျက်လုပ်ငန်းတွေလုပ်ဖို့ ဒီငွေတွေ သူတို့ဘယ်လိုရှာထားသလဲဆိုတာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်"ဟု ခန်ကပြောသည်။

"စစ်ကြောရေးတွေလုပ်ပြီးမှပဲ ကျွန်တော်တို့ အတည်ပြုပြောနိုင်ပါလိမ့်မယ်"ဟု ၎င်းကဆိုသည်။ ထို့အပြင် ပတ်စ်ပို့ ၂၁ ခုနှင့် များပြားလှသည့် စာရွက်စာတမ်းတံဆိပ်ဝိုင်းအတုများကိုလည်း အာဏာပိုင်တို့က တွေ့ရှိခဲ့သည်ဟု ၎င်းကပြောသည်။

သီးခြားဖြစ်စဉ်တစ်ခုတွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့၏ မှုခင်းစုံစမ်းထောက်လှမ်းရေးဋ္ဌာန (DCIDB) သည် စစ်သွေးကြွလှုပ်ရှားမှုတွင် သံသယဖြင့် ပါကစ္စတန်နိုင်ငံသားသုံးဦးနှင့် ဘင်္ဂလားဒေ့ရှ်မှ ဘီဟာရီလူမျိုးတစ်ဦးကိုလည်း နိုဝင်ဘာ ၃၀ ကဖမ်းဆီးခဲ့သည်။

ဘီဟာရီလူမျိုးများမှာ ဘင်္ဂလားဒေ့ရှ် အိန္ဒိယမှခွဲထွက်ကတည်းက ဘင်္ဂလားဒေ့ရှ်တွင် သောင်တင်နေသည့် အူရဒူစကားပြော ပါကစ္စတန်လူမျိုးများအဖြစ် သိရှိထားသည်။ ၎င်းအမျိုးသားများသည် ပိတ်ပင်ထားသည့် အုပ်စု Jama' atul Mujahideen Bangladesh (JMB) မှအဖွဲ့ဝင်များဖြစ်ပြီး အဓိကဋ္ဌာနများကိုဖျက်ဆီးကာ အစိုးရကိုဖြုတ်ချဖျက်ဆီးပစ်ရန် ရည်ရွယ်သော သတ်ဖြတ်မှုများပြုလုပ်ရန် စီစဉ်ခဲ့ကြသည်ဟု DCIDB မှ ပြောခွင့်ရအမျိုးသား မန်တာရှီရူးလ်အစ္စလာမ်က ရိုက်တာသို့ပြောသည်။

၎င်းအမျိုးသားလေးဦး၏ အမည်ကို ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပြီး ၎င်းတို့ထံမှ မိုဘိုင်းဖုန်းငါးလုံး၊ ဂျီဟတ်ဝါဒီစာအုပ် ၂၆ အုပ်၊ ဘင်္ဂလားဒေ့ရှ်ပတ်စ်ပို့ သုံးခု၊ ပါကစ္စတန်ရူပီး ၄,၀၀၀နှင့် အခြားငွေစက္ကူများကိုလည်း တွေ့ရှိခဲ့သည်။

၎င်းအမျိုးသားများထဲမှ ရှိတ်ဆိုသူ၏ဖုန်းမှ တွေ့ရသော အထောက်အထားအရ ၎င်းသည် နိုင်ငံခြားအစိုးရတစ်ခုအတွက် သူလျှိုလုပ်နေသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ထို့အပြင် ရှာရစ်ဆိုသူလည်း ကရာချိအခြေစိုက် ရိုဟင်ဂျာစစ်သွေးကြွများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော အက်ဗ်ဒူလ်ကူဒတ်စ်ဘော်မီနှင့် အဆက်အသွယ်ရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required