နိုင်ငံတကာအထောက်အပံ့နှင့် နည်းပညာ အကူအညီ စီမံချက်များမှ ဆောင်ရွက်ဆဲ ၄၂၈ ခု ရှိနေ

နိုင်ငံတကာအထောက်အပံ့နှင့် နည်းပညာ အကူအညီ စီမံချက်များမှ ဆောင်ရွက်ဆဲ ၄၂၈ ခု ရှိနေ
photo - Myanma Alinn

ဒီဇင်ဘာ ၄ ရက် ။          ။ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံတကာအထောက်အပံ့နှင့် နည်းပညာအကူအညီများဖြင့် ဆောင်ရွက်သည့် လုပ်ငန်း စီမံချက် စုစုပေါင်း ၉၄၈ ခုအနက် မပြီးဆုံးသေးဘဲ ဆောင်ရွက်ဆဲ စီမံချက်ပေါင်း ၄၂၈ ခု ရှိနေသေးသည်ဟု သိရသည်။

နိုင်ငံအချင်းချင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့များ၊ ကုလသမဂ္ဂ အဖွဲ့များ၊ အန်ဂျီအိုများထံမှ ၂၀၁၁ ခုနှစ် ဧပြီလမှစ၍ လေးနှစ် ကျော်ကာလအတွင်း ရယူခဲ့သည့် စီမံကိန်းများဖြစ်သည်။

နေပြည်တော် သမ္မတ အိမ်တော်၌ ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်သည့် နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကံဇော်က ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းစီမံချက်များနှင့်ဆက်စပ်၍ ရှင်းလင်းတင်ပြခဲ့သည်။

ရယူခဲ့သည့် စီမံချက်များ၏ တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၆၁၅ ခန့်ရှိပြီး မပြီးသေးသည့် စီမံချက်များအတွက် ရရန်ကျန်သည့် စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ သန်းပေါင်း ၁,၂၈၀ ခန့် ရှိကြောင်းသိရသည်။

အမျိုးအအစားမသိရသည့် စီမံချက် စုစုပေါင်း ၉၄၈ ခုအနက် ကုလသမဂ္ဂမှ အများဆုံးရယူထားပြီး ၄၃၇ ခုရှိသည်။ ယင်းမှ ၃၃၃ ခု ဆောင်ရွက်ပြီးစီး၍ ၁၀၄ ခု ကျန်နေသည်။ ကန်ဒေါ်လာ ၁၃၂ သန်းခန့် ရရန်ရှိနေခြင်းဖြစ်သည်။

နိုင်ငံအချင်းချင်း ဆောင်ရွက်မှုက ဒုတိယအများဆုံးဖြစ်ပြီး စီမံချက် ၂၉၇ ခု အနက် ဆောင်ရွက်ဆဲ ၁၇၆ ခုရှိနေသည်။ ရရှိရန်ကျန်သည့် တန်ဖိုးမှာ ကန်ဒေါ်လာ ၉၂၉ သန်းကျော်သည်။

တတိယအနေဖြင့် အန်ဂျီအိုများနှင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး စီမံချက် ၁၅၇ ခုရှိပြီး ၁၁၄ ခုကို ဆက်လက် ဆောင်ရွက်နေသည်။ ရရှိရန်ကျန်သည့် တန်ဖိုးမှာ ကန်ဒေါ်လာ ၁၂၉ သန်းကျော်ရှိသည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် အခြားအစုအဖွဲ့များမှ စီမံချက်ပေါင်း ၅၇ ခုရှိရာမှ ၃၄ ခု ဆောင်ရွက်နေဆဲဖြစ်သည်။ ရရှိရန်ကျန်သည့် တန်ဖိုးမှာ ကန်ဒေါ်လာ ၈၉ သန်းကျော် အသီးသီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းများက ဖော်ပြသည်။

နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်သည့် သမ္မတဦးသိန်းစိန်က ကျန်ရှိနေသေးသည့် လုပ်ငန်းစီမံချက် များထဲမှ လက်ရှိအစိုးရ သက်တမ်းအတွင်း လက်စသတ်နိုင်မည့် လုပ်ငန်းများကို လက်စသတ်ရန် မှာကြားခဲ့သည်။

ထို့ပြင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖွံံ့ဖြိုးမှုအကူအညီလုပ်ငန်းများအဖြစ် စနစ်တကျ စာရင်းဇယားများဖြင့် ထားရှိသွားကြရန်လည်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required