ဗလင်စီယာအသင်း၏ ကမ်းလှမ်းမှုကို မငြင်းပယ်နိုင်ခဲ့ဟု ဂယ်ရီနဗီးလ်ပြော

ဗလင်စီယာအသင်း၏ ကမ်းလှမ်းမှုကို မငြင်းပယ်နိုင်ခဲ့ဟု ဂယ်ရီနဗီးလ်ပြော

ဗလင်စီယာ၊ ဒီဇင်ဘာ ၄ ။           ။ ဗလင်စီယာနည်းပြသစ်ဖြစ်လာသည့် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဗလင်စီယာအသင်း၏ကမ်းလှမ်းမှုကို မငြင်းပယ်နိုင်ခဲ့ကြောင်း ဝန်ခံပြောဆိုလိုက် သည်။

ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလုပ်ရန် ကမ်းလှမ်းအချို့ကို ငြင်းပယ်ခဲ့သော်လည်း ယခု ဗလင်စီယာ၏ ကမ်းလှမ်းမှုကိုသာ ငြင်းပယ်လိုက်ပါက လူအများ၏၎င်းအပေါ် ယုံကြည့်မှု ပျောက်ဆုံးသွားလိမ့်မည်ဟု ဂယ်ရီနဗီးလ်က ဆိုသည်။

'ပြီးခဲ့တဲ့နှစ်အနည်းငယ်က ရုပ်သံအစီအစဉ်ကြေညာသူ ထိုင်ခုံမှာ ထိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ထရပ်ဖို့အချိန်ကျပြီလို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေက ဗလင်စီယာအသင်းရဲ့ခေါ်ယူမှုကို လက်ခံရရှိခဲ့တဲ့ အချိန်မှာ ကျွန်တော်စဉ်းစားပါတယ်။ ဘောလုံးကလပ်အသင်းဆိုတာ ဘာလဲ။ စိန်ခေါ်မှုဆိုတာ ဘာလဲ။ အခွင့်အရေးဆိုတာ ဘာလဲပေါ့။

ဒီအခွင့်အရေးကိုသာ ကျွန်တော်ငြင်းပယ်လိုက်မယ်ဆိုရင် ကျွန်တော့်အပေါ်လူအများရဲ့ ယုံကြည်လက်ခံနိုင်မှုတွေကို လက်ပြနှုတ်ဆက်လိုက်ရပါလိ့မ်မယ်' ဟု ဂယ်ရီနဗီးလ်က ပြောသည်။

ဂယ်ရီနဗီးလ်သည် အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်၏လက်အောက်တွင်သာ လက်ထောက်နည်းပြလုပ်ဖူးသူဖြစ်ပြီး နည်းပြအတွေ့အကြုံမရှိသူဖြစ်သည်။ ထို့ကြောင့် ၎င်း၏အပေါ်တွင် အချို့က သံသယ ရှိလျက်ရှိနေကြသည်။

ထိုအကြောင်းနှင့်ပတ်သက်၍လည်း ဂယ်ရီက 'ကျွန်တော့်ကို နည်းပြခန့်ခဲ့တာက စွန့်စားတဲ့ခန့်အပ်မှုလို့ ပြောနေကြသူတွေ၊ သံသယရှိနေသူတွေကို ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာ သက်သက်ပြ ရပါလိ့မ်မယ်။ ဒါကို လက်ခံပါတယ်။

ဒီလိုမေးခွန်းတွေဘာကြောင့် ဖြစ်ပေါ်လာသလဲဆိုတာ နားလည်ပါတယ်။ ကွင်းထဲက ရလဒ်နဲ့ပဲဒါကို ကျွန်တော်အဖြေပေးပါမယ်' ဟု ပြောသည်။

ဂယ်ရီနဗီးသည် လာမည့်ဗုဒ္ဓဟူးနေ့တွင် ယှဉ်ပြိုင်ကစားရမည့် လိုင်ယွန်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ဗလင်စီယာအသင်းကို စတင်တာဝန်ယူမည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly