အစိုးရအသစ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ခိုင်မာစေရန် အလျင်အမြန် ဆောင်ရွက်သင့်

အစိုးရအသစ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ခိုင်မာစေရန် အလျင်အမြန် ဆောင်ရွက်သင့်
ပြန်ကြားရေးဝန်ဦး ဦးရဲထွဋ်နှင့် PEN American Center တွေ့ဆုံ။ (photo - Ye Htut's Facebook)

ဒီဇင်ဘာ ၄ ရက် ။           ။ ၂၀၁၆ တွင်တက်လာမည့် အစိုးရအသစ်အနေဖြင့် လွတ်လပ်၍ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်အတွက် မရှိမဖြစ် အခြေခံဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခိုင်မာစေရန် အလျင်အမြန် အရေးယူ ဆောင်ရွက်မှုများ လိုအပ်မည်ဟု PEN American Center အဖွဲ့ကြီးက ထုတ်ပြန်လိုက်သည်။

PEN American Center အဖွဲ့ကြီး၏ ဒီဇင်ဘာ ၄ ရက်ထုတ် "မပြီးပြည့်စုံသေးသော လွတ်လပ်ခြင်း-မြန်မာနိုင်ငံ၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ အလားအလာများနှင့် သုံးသပ်တင်ပြချက်များ" အမည်ရှိ အစီရင်ခံစာအတွင်း ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။

၂၀၁၀ မှစခဲ့သည့် ပြုပြင်ပြောင်းလဲမှုများသည် ပြောရေးဆိုခွင့်၊ ဆက်သွယ်မှုများနှင့် သတင်းဖြန့်ဝေမှုများအတွက် ပိုမို ပွင့်လင်းသော အခြေအနေတစ်ရပ်သို့ ဦးတည်သည့် ခြေလှမ်းများ ဖြစ်ပေါ်စေခဲ့သည် ဟုလည်း ဖော်ပြသည်။

အွန်လိုင်းများတွင် ဝေဖန်ဆွေးနွေးငြင်းခုံခြင်း၊ မီဒီယာအသစ်များ ပေါ်ပေါက်လာခြင်း၊ လွှတ်တော်အတွက် မဲပေးခြင်းနှင့် အရွေးခံခြင်း စသည်ဖြင့် ရရှိထားသည့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို အသုံးချခွင့်ရနေသည်ကို အသိအမှတ်ပြု ထည့်သွင်းထားသည်။

သို့သော် တိုးတက်မှုသည် ရပ်တန့်နေရာမှ ၂၀၁၄-၁၅ ခုများတွင် နောက်ပြန်ဆွဲမှုများပင်ရှိခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တပ်မတော်က ဆက်လက် ကန့်သတ်ထိန်းချုပ်နေသည်ဟုဆိုသည်။

မီဒီယာကို ခြယ်လှယ်ရန်နှင့် ထိန်းချုပ်ရန် လိုအပ်သည်ထက် အင်အားသုံးမှုများနှင့် ပြင်းပြင်းထန်ထန်ဖြိုခွင်းသည်ကို ထောက်ရှုလျှင် ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အပေါင်းအပါများ၏ ချုပ်ကိုင်မှုသည်
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နက်နက်ရှိုင်းရှိုင်း တည်ရှိနေဆဲဖြစ်သည်ကို သိရှိနိုင်သည်ဟုဆိုသည်။

PEN American Center အဖွဲ့ကြီးအား ကမ္ဘာအနှံ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ရရန် ရည်ရွယ်၍ ၁၉၂၂ ခုတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ အမေရိကန်စာရေးဆရာ ၄,၂၀၀ ဦး ဖြင့် ပူးပေါင်းလှုပ်ရှား   ဆောင်ရွက်နေသည်။

"မပြီးပြည့်စုံသေးသော လွတ်လပ်ခြင်း" အစီရင်ခံစာအား လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ထောက်ခံအားပေးသူများ၊ စာနယ်ဇင်းသမားများ၊ အယ်ဒီတာများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ သုတေသန ပညာရှင်များ၊ မီဒီယာဥပဒေ ကျွမ်းကျင်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းဆွေနွေးမှုများအပေါ် အခြေခံထားသည်ဟုဆိုသည်။

မကြာမီ ပေါ်ပေါက်လာမည့် အစိုးရအသစ်အတွက် အကြံပြုချက်များအား အစီရင်ခံစာအတွင်း ထည့်သွင်းဖော်ပြထားရာ တိုင်းရင်းသားနယ်မြေများနှင့် ကျေးလက်ဒေသများအတွက် မီဒီယာကဏ္ဍများကို ဖော်ထုတ်ပေးရန်၊ ယင်းဒေသများမှ သတင်းထောက်များ၏ အရည်အချင်းများကို မြှင့်တင်ပေးရန်လည်း ပါဝင်သည်။

စာနယ်ဇင်းသမားများအတွက် သတင်းအချက်အလက် ရယူအသုံးပြုခြင်းဆိုင်ရာ ဥပဒေ/ နည်းဥပဒေများ ကို ပြဌာန်း ပေးရန်နှင့် ကြီးကြပ်ပေးရန်၊ ပုဂ္ဂလိကနှင့် မျှမျှတတပြိုင်ဆိုင်မည့်   နိုင်ငံပိုင်မီဒီယာအဖြစ် ပြုပြင်ရန်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် စုရုံးခွင့်တို့ကို ကျင့်သုံးခြင်းကြောင့် ကျဉ်းကျနေသူများအား ပြန်လွှတ်ပေးရန်တို့လည်း အကြံပြုသည်။

ထို့ပြင် တိုင်းရင်းသားဒေသများအပါအဝင် ဝေးလံသည့် နယ်မြေများသို့ မြန်နှုန်းမြင့် တယ်လီကွန်းဆက်သွယ်ရေးကို အမြန်စတင်သုံးစွဲနိုင်ရေး ဖြည့်ဆည်းပေးရန်၊ တိုင်းရင်းသားဘာသာစကားများဖြင့် ပညာသင်ကြားခြင်း၊ သတင်းပြန်ကြား ခြင်းနှင့် ထုတ်ဝေခြင်းအပိုင်းတွင် အထောက်အကူပေးရန်လည်း လိုအပ်သည်ဟုဆိုသည်။

ဆန္ဒထုတ်ဖော်ခွင့်အတွက် ဥပဒေနှင့် မူဝါဒဆိုင်ရာများကို ပိုမိုခိုင်မာသည့် အကာအကွယ်ပေးခြင်းသည် အစိုးရအသစ်နှင့် အုပ်ချုပ်ရေးအသစ်၏ လုပ်ငန်းစဉ်အတွင်း ဦးစားပေးထည့်သွင်း မည်ဟု   မျှော်လင့်၍ PEN American Center က အစီရင်ခံစာကို ထုတ်ပြန်တင်ပြခြင်းဖြစ်သည်ဟု နိဒါန်းတွင် ထည့်သွင်းအသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required