ကံကောင်းပင် (သို့မဟုတ်) ကျွဲကောပင် အထွက်တိုးဖို့ ဘယ်လို စိုက်ပျိုးမလဲ

03 December 2015
ကံကောင်းပင် (သို့မဟုတ်) ကျွဲကောပင် အထွက်တိုးဖို့ ဘယ်လို စိုက်ပျိုးမလဲ

အသီးအနှံ စားသုံးခြင်းဟာ ကျန်းမာရေးုကောင်းစေပါတယ်။ အထူးသဖြင့် အရေရွမ်းတဲ့ အသီးအနှံတွေဟာ ကျန်းမာရေး အတွက်သာမက အသားအရေ အလှအပအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။ ြမန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် ပြည်တွင်းထွက် သီးနှံတွေ အတော်များ ပါတယ်။ ရေ၊ မြေ ရာသီဥတုအလိုက် စိုက်ပျိုး ဖြစ်ထွန်းနိုင်တဲ့ သီးနှံတွေကလည်း ကွဲပြား ပါတယ်။ အထက်မှာ သရက် အောက်မှာ ကျွဲကောစိုက် ဆိုသလို မြန်မာပြည်အောက်ပိုင်းမှာ စိုက်ပျိုးဖြစ်ထွန်းတာကတော့ ကျွဲကောပင်ပဲဖြစ်ပါတယ်။

ကျွဲကောဆိုရင် မော်လမြိုင်လို့ သိထားရတဲ့ စိုက်ပျိုးမှု သမိုင်းလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝအရ ကျွဲကော စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ နေရာဒေသ တော်တော်များများ ရှိနိုင်ပါတယ်။ စားသုံးသူ လက်ခံနိုင်တဲ့ ကျွဲကောမျိုးကို ရွေးချယ်ပြီး စနစ်တကျ စိုက်ပျိုးမယ်ဆိုရင် စီးပွားဖြစ်နိုင်တဲ့ ဈေးကွက်ဝင် သီးနှံတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံ ကျွဲကော စိုက်ပျိုး ထုတ်လုပ်သူများအစုအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဦးဝင်းရွှေက ကျွဲကောပင် စိုက်ပျိုးရေးနဲ့ ဈေးကွက်အခြေအနေကို အခုလို ရှင်းပြပါတယ်။

ကျွဲကောစိုက်လို့ရတဲ့ ရာသီဥတုရယ်၊ မြေရယ်ပေ့ါနော် ပြန်ကြည့်လိုက်တဲ့အခါကျတော့ အောက်မြန်မာနိုင်ငံဆိုတဲ့နေရာမှာ ပဲခူးတိုင်းကနေစရမယ်၊ ပဲခူးတိုင်းအောက်ပိုင်း ကနေစလိုက်လို့ ဟိုဘက်ဆိုလည်း ရွေကျင်မဒေါက်နေရာရှိမယ်။ နောက်ဒီဘက်ကြတော့ ပဲခူးတိုင်း၊ နောက်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ နောက်တစ်ခါ တနင်္ဂလာရီ တိုင်း၊ ကရင်ပြည်နယ်စသည်ဖြစ်ပေါ့နော်။ အဲလိုနိုင်ငံရဲ့ တော်တော်များများ တိုင်းဒေသကြီးတွေမှာ ကျွဲကောသီးဟာ များများစားစားနဲ့ တွင်တွင်ကျယ်ကျယ် အရည်အသွေး ကောင်းကောင်း စိုက်လို့ရတယ် ဆိုတာကို ကျွန်တော်တို့ သိရှိပြီးဖြစ်တယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့က ကျွန်တော်တို့မှာ ရှိနေတဲ့ မျိုးလေးတစ်ခုတည်းနဲ့ ရောင့်ရဲတင်းတိမ်မနေသင့်ပါဘူး။

အခုန ပျားရည်ကျွဲကောလိုဟာမျိုး ကျွန်တော့်ခြံထဲထွက်နေပြီ၊ အခုအချိန် ကျွန်တော်နဲ့အတူ စိုက်နေတဲ့ အခြားခြံမှာလည်း ထွက်နေပြီ။ ဈေးကွက်ကို ချပြလိုက်တဲ့ အခါကျတော့ စားသုံးသူတွေက လက်ခံတာကို တွေ့ရတယ်။ ဈေးကွက်တွင်း ကျွန်တော်အများကြီး တိုးချဲ့စိုက်ဖို့ စိုက်လည်း စိုက်နေပါပြီ။ အောင်လည်း အောင်မြင်လာမှာပါ။ ထုတ်လုပ်သူ တွေလည်း အောင်မြင်သလို ဈေးကွက်လည်း အောင်မြင်မှာပါ။ နောက်တစ်ခါ ပြည်ပဈေးကွက် တွင်လည်း ကျွန်တော်တို့ အောင်မြင်လာမယ့် သီးနှံတစ်ခုလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

ကျွဲကောသီးထွက်ရှိနှုန်းပေါ်မူတည်ပြီး ကျွဲကောသီးရဲ့ဈေးကွက်အနေအထားဟာလည်း ပြောင်းလဲပါ တယ်။ ဒီနေ့ကျွဲကောရာသီရဲ့ လက်ရှိ ပေါက်ဈေးအခြေအနေကို သိရှိနိုင်ဖို့ သီရိမင်္ဂလာဈေးမှာရှိတဲ့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချနေတဲ့ သစ်သီးတန်းကို သွားရောက်မေးမြန်းခဲ့ရာမှာ ကျွဲကောသီးရောင်းချသူ ဒေါ်ကြည်ကြည်ဝင်းက အခုလို ရှင်းပြပါတယ်။

ကျွဲကောသီး ဈေးကွက်က မနှစ်ကထက်စာရင်တော့ ဒီနှစ်က နည်းနည်းလေးတော့ သာတယ် ပြောရမှာပေ့ါ။ ထွက်တာလည်း နည်းတာကိုး။ ဆိုတော့လေ ဒီနှစ်ကတော့ နည်းနည်းသာတယ်ပေါ့။ မနှစ်က တစ်ထောင်တန်ဆိုလို့ရှိရင် ဒီနှစ် ထောင့်သုံးရာ၊ ထောင့်ငါးရာရတယ်။ အဲလိုမျိုးပေ့ါ နှစ်ရာသုံးရာလောက်တော့ ပိုလာတယ်ပေ့ါ။ အသီးက ဈေးမှာမြဲလာပြီဆိုရင် ဈေးကွက်က တက်လာတာပေ့ါ။ အဲလိုသဘောပါပဲ။

ဒီမှာလာတာတွေကတော့ ရန်ကုန်တစ်တိုင်းလုံး လာကြတာပဲလေ။ နီးစပ်ရာအကုန်လုံး လာတယ်။ ပုသိမ်ဘက်ကအစ၊ လပ္ပတ္တာက အစ အကုန်လာတယ်။ ဒီဘက် ဆိုလို့ရှိရင်လဲ ပင်လယ်ပြင်များကအစ အကုန်ရောက်တယ်။ အကုန်လာတော့ ဒီမှာကတော့ တော်ရုံတန်ရုံ အသေးတွေဘာတွေဆိုလည်း အကုန်ကုန်တယ်။ ဒီမှာက ပျားရည်ဆန်းရယ်၊ သကြား ကျွဲကောရယ် နောက်ပန်းတစ်။ သကြားဆိုတာတော့ အဖြူပေ့ါ။ ချိုတယ်လေ။ သူလည်းအဲဒီလိုပဲ။ ပျားရည်ဆန်းကြတော့ ပန်းရောင်ပေါ့။ နောက်မော်လမြိုင်ပန်းရောင်၊ သူတို့ကတော့ အများခေါ်တာ တော့ ပန်းတစ်တို့ဘာတို့ပေ့ါ။ အဲလိုပဲ သိကြတာပေ့ါ။ အဲလိုမျိုး ကျွန်မကတော့ အောက်ခြေကအစ သုံးရာလေးရာ သေးသေးလေးတွေက နေပြီးတော့ အခုနလိုပေ့ါ ၂၅၀၀ အထိတော့ ဒီမှာကတော့ ရောင်းပေးတယ်လေ။ ဖောက်သည်သမားတွေကို အဲဒီလောက်တော့ ဒီမှာကတော့ ဈေးကွက်တော့ ရတယ်။ အဆင့်အဆင့်ပေါ့။

ကံကောင်းပင်လို့ခေါ်တဲ့ ကျွဲကော်ပင်ဟာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါတယ်။ အနှစ် သုံးဆယ် အထိ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ မြေအနေအထား ကတော့ မြေစီးဆန်တဲ့ နှုန်းမြေကို ကြိုက်နှစ်သက် ပါတယ်။ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုဟာ ကျွဲကောပင် စိုက်ပျိုးဖို့ သင့်တော်ပါတယ်။ အရသာရှိပြီး ဈေးကွက်ဝင်တဲ့ ကျွဲကောသီး ရရှိဖို့အတွက် ပျိုးပင်ရွေး ချယ်တဲ့နေရာမှာ ရောဂါရှင်းတဲ့ မျိုးသန့်တဲ့ အပင်တွေ ရရှိဖို့လို အပ်ပါတယ်။ ကျွဲကောပင်ကို အစေ့ကနေစိုက်ပျိုးလို့ ရသလို မြေထုတ်စည်းပြီး ကိုင်းကူးတဲ့ နည်းနဲ့လည်း စိုက်ပျိုးလို့ရပါတယ်။ အစေ့ကနေ စိုက်ပျိုးမယ်ဆိုရင်တော့ အပင်ဖြစ်ထွန်းဖို့ အချိန်ကြာတဲ့အတွက် စိုက်ပျိုးပြီး ငါးနှစ်ကနေမှ စပြီးအသီးသီးပါတယ်။ ကိုင်းကူးစိုက်ပျိုး မယ်ဆိုရင် တော့ သုံးနှစ်ကနေ အသီးသီးတဲ့အတွက် အချိန်ကုန် သက်သာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုင်းကူး စိုက်ပျိုးခြင်းဟာ အပင်ကြီးထွားနှုန်းမြန်ပြီး။ အသီးလည်း ပိုဖြစ်ထွန်းပါတယ်။

အပင်တစ်ပင်နှင့် တစ်ပင်ကို အနည်းဆုံးပေ ၂၀ ခန့်ခွာပြီး စိုက်ပျိုးသင့်ပါတယ်။ တစ်ဧကကို ကျွဲကော အပင် ၁၀၀  စိုက်ပျိုးနိုင်ပြီး၊ ခန့်မှန်းကုန်ကျစာရိတ်အနေနဲ့ကတော့ ငွေကျပ်ငါးသိန်းမျှ ရှိတယ်လို့ သိရပါတယ်။ ကျွဲကောစိုက်ပျိုးသင့်တဲ့ အချိန်တွေကတော့ ဇွန်လနှင့် ဇူလိုင်လတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွေကတော့ အပွင့်ပွင့်ပြီး အသီးသီးတဲ့ ကာလတွေပဲ ဖြစ်ပါတယ်။ နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လတွေမှာ အသီးကို ခူး ဆွတ်နိုင်ပြီး၊ အသီးခူးကာလဟာ ၂ လလောက်ကြာမြင့် တယ်လို့လဲသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ ရှိတဲ့ ချမ်းမြသာစည် ကျွဲကော စိုက်ပျိုးခြံက ကျွဲကောစိုက်ပျိုးတာဝန် ဦးမြသွင်က ကျွဲကောအထွက်တိုးအောင်နှင့် အသီးလှအောင် အဓိကကျတဲ့အချက်အလက်တွေနဲ့ ကျရောက်တတ်တဲ့ ရောဂါတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

ကျွဲကောအထွက်တိုးအောင် အသီးလှတယ်ဆိုတာကတော့ ခြံရှင်ပေါ်မှာ မူတည်တာ ပေ့ါနော်။ ခြံရှင်ကနေပြီးတော့ ပြုစုပျိုးထောင် တဲ့အပေါ်မှာ အခြေခံတာပေ့ါ။ ဂရုစိုက်ရမယ်။ ဘာဖြစ်လို့ဂရု စိုက်မယ်ဆိုရင် ဈေးကောင်းရချင်တာကိုး။ ကျွဲကောမှာ ဂရုစိုက်တာကတော့ မှိုပါပဲ။ ဒါပေမဲ့ တကယ့် တကယ်ကြတော့ ကျွဲကောက vegetables တို့ ဘာတို့လောက် ကရိကထ မများဘူးဗျ။ သူ့ကို ဘာလုပ်လဲဆိုတော့ ဖြုတ်တို့ဘာတို့ပေါ့။ ကျွဲကောက ဒီလောက်ကြီး သိပ်ပြီး အရမ်းကြီးအပင်ပန်းခံ ဂရုမစိုက်ရဘူး။ ဒါပေမဲ့ သတိထားဖို့တော့ လိုတာပေ့ါနော်။ ကြိုတင်ပြင်ဆင်မှု လိုတာပေါ့။ ဖြစ်မှ လုပ်မဲ့အစား မဖြစ်ခင်ကနေပြီးတော့ ဆေးပါးပါး လေးနဲ့ပေါ့။ မှိုဆေးပါးပါးလေးနဲ့ ကြိုတင်ပြင်ဆင်ကာ ကွယ်တာကတော့ ပိုကောင်းတာပေ့ါ။ အဲဒါဆိုရင်တော့ အရည်အသွေး လှတာပေ့ါ။

ကျွဲကောပင် စိုက်ပျိုးဖို့ မျိုးကိုင်းကူးပုံအဆင့်ဆင့်ကိုလည်း ဦးမြသွင်က အခုလိုလက်တွေ့ ရှင်းပြပါတယ်။

ဒါကတော့ ပထမအဆင့်ပေ့ါနော်။ အုန်းဇံမှုန့်ကို ကျွန်တော်တို့ ဇကာချထားတာ။ နောက်မှုဆေးလေး ပါးပါးလေးရယ် ဒါလေး ဖြန်းထားတာပေါ့။ ဖြန်းပြီး တော့ ဒါပထမအဆင့်ပေ့ါ ဒါလေးတွေကို ကျွန်တော်တို့က ဒီအလယ်ခေါင်က ကျွန်တော်တို့ ခွဲချလိုက် တာပေ့ါ။ မှိုဆေးလေးရယ် ဒါလေးနဲ့ စိမ်လိုက်တာပေ့ါ ၁၅ မိနစ်လောက် ၁၀ မိနစ်လောက် စိမ်လိုက်တာပေ့ါ။ စိမ်ပြီးတော့မှ ကျွန်တော်တို့က ဒါအပင်ကို သွားကူးမှာ ပေါ့နော် ဒါလေးက ပထမအဆင့်ပဲ။

အခုနက ပထမအဆင့်ပေ့ါ။ ဒါဒုတိယအဆင့်ပေ့ါ ဒုတိယအဆင့်အနေနဲ့ ကိုင်းခူးရတော့မယ် ဆိုလို့ရှိရင် ကိုင်းကြီးလှတဲ့ကိုင်းတွေ ရွေးရတယ်။ နောက် အပင်သန်ရမယ်။ အပင်ရောဂါကင်းရမယ်။ ကိုင်းမှာလည်း ရောဂါကင်းရမယ်။ အဲလိုအပင်တွေ ရွေးရတယ်။ မက်စိလောက် ကျပ်စိလောက် ထိုင်းမတ်သတ် ကတော့ ဒီလိုပဲလေးနော်။ ကျွန်တော်တို့ဒီမှာ ခူးသလို အပင်ရရင်ပြီးကော ကျွန်တော်တို့က မသွားတော့ဘူး။ အလုံးက မက်စိလောက်တို့ ကျပ်စိလောက်တို့ အနည်းဆုံး မက်စိလောက်ပေ့ါ။ အဲဒါမျိုးတွေပေါ့။ အဲလိုကိုင်းတုတ်တွေ ကျွန်တော်တို့ ခူးတာပေ့ါ။ ဒီလိုခူးတဲ့အခါ ကျရင်လည်း ဒီလိုနှစ်ခုက ဒါလေးက မဆက်မှ ဒီအသီးလေးတွေ အကုန်ခြစ်ရတယ်။  ခြစ်ပြီးတော့ သူက မဆက်တာလေး။ ကြီးပေါင်း မတက်မှာပေါ့။

 

အခုလိုကိုင်းကို ခြစ်ပြီးတဲ့အချိန်မှာတော့ မျိုးခူးဖို့ထုတ်ထားတဲ့ အထုတ်ကလေးတွေကို အလယ်က ခွဲပြီး ခြစ်ထားတဲ့ ကိုင်းပေါ်မှာ ၂ လခန့် ချည်နှောင်ပေးရမှာပါ။ ဒီအကြောင်းကို ဦးမြလွင်ကပဲ ဆက်ရှင်းပြပါတယ်။

ဒီလိုပလတ်စတိတ်ကြိုးနဲ့ ချည်ရခြင်းအားဖြင့် ၂ လ လောက်ခံမှာပေ့ါ နှီးဆိုတော့လေ။ ဆွေးပြီး ပြတ်သွားနိုင်တယ်။ အဲဒါတွေကြတော့ ဒီလိုပလတ်စတိတ်နဲ့ ဒီလိုကြိုးလေးတွေချည်တော့ ပိုကောင်း တယ်။ ဟပြီးတော့ ကွဲသွားမှာစိုးလို့ မိုးရေတွေ ဘာတွေဝင်မှာစိုးလို့ပေ့ါနော်။ အဲလိုလေးချည်ရတာ ပေ့ါ  ထုတ်ထားမှ ဖြစ်မှာလေ။ အဲလိုတုတ်ထားမှ မပြေကျတော့မှာပေ့ါ။ ဒါသဘာဝဘေးဒဏ်ရှိတာ ပဲ။ ဒါကြောင့်မို့ ဒီလိုလုပ်ရတာ။

၂ လခန့် ကြာတဲ့အခါမှာတော့ အမြစ်တွေထွက်လာပြီး၊ မျိုးကူးထားတဲ့ ကိုင်းအောက်ကနေ ဖြတ်ရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဦးမြသွင်က အခုလို ရှင်းပြပါတယ်။

အမြစ်ထွက်လာပြီးပေ့ါနော်။ ဒါကရက်ပေါင်း ၆၀ လောက်တော့ စောင့်ရတယ်။ ဒီကောင်က အခွံ ထူတယ်။ သံပုရာတို့ မာလကာတို့ကြရင် ၄၅ ရက်လောက်ပဲလေး။ ကျွဲကောကြတော့  အခွန်ထူတဲ့အခါကျတော့ အမြစ်စုံတာ နှစ်လလောက်မှ အမြစ်စုံတယ်။ အဲလိုအမြစ်စုံမှလည်း ဖြတ်လို့ကောင်းတာလေ။ အမြစ်စုံမှ ဖြတ်ရတာ အဆင်ပြေတယ်။ အဲဒါမျိုးဆိုရင် ကျိန်းသေသွားပြီ။ အဲဒီမှာ တစ်ခါတည်းကျွန်တော်တို့က ဒါလေးတွေကိုဖြတ်၊ ပျိုးအိတ်ထဲ ထည့်တဲ့အခါကျရင် ဒီအရွက်တွေနဲ့ ဆိုလိုရှိရင် ပျိုးအိတ်ထဲထည့်ရင် ဒါတွေက မလိုက်နိုင်ဘူး။ ဒီလိုဖြတ်ပေးရတယ်။ မဖြတ်ပေးလို့မရဘူး အဲဒီအတိုင်းလေးဖြတ်ရမှာ။ ဖြတ်ပြီးတော့ ထည့်ရမှာ။ ဒါဆိုလို့ရှိရင် ဒီအရွက်ကလေးတွေက ထွက်လာမှာ ဒီအရွက်တွေထားတဲ့အခါကျရင် အောက်ကနေ မပို့နိုင်ဘူး။ မပိုနိုင်တဲ့အခါကြတော့ သေသွားကော။ မူလအတွက်တွေ အကုန်ဖြတ်ပစ်လိုက်။ နောက်အသစ်ထွက် တဲ့ဟာလေးကို စောင့်ရတယ်။ ဒါပဲ။ ဒီမှာအမြစ်တွေထွက်နေပြီ။ ဒါ ၂ လသားပဲ။

ရလာတဲ့အကိုင်းကိုတော့ မြေဆွေး၊ သဲ၊ အုန်းဇံမှုန့်၊ ဖွဲဆပ်ပြာ၊ နွာချေး၊ စတာတွေနဲ့ ရောနယ်ထားတဲ့ မြေထုတ်ထဲကို ပြောင်းလဲစိုက်ပျိုးပေးရပါမယ်။ ဒီအပိုင်းက ဦးမြသွင်ကပဲ ဆက်ရှင်းပြပါတယ်။

ဒါလေးက အမြစ်ထွက်လာတာ။ ၂ လသားပေ့ါ။ ဒီဟာလေးကွဲသွားလို့တော့ မရဘူး။ ဒါလေးကွဲသွားရင် ဒီအမြစ်ကလေးတွေ ကျိုးသွားကော ကျိုးသွားရင် ဒီကောင်မရှင်တော့ဘူး။ ရှင်နှုန်းနည်းသွားမယ်နော်။ ဒါလေးကြည့် ဒါလေးကတော့ ဒီအိတ်ထဲထည့်မှာ။

ပျိုးအိပ်ကိုမြေကြီးသက်သက်ထုတ်ထားရင်တော့ လေးတဲ့အတွက် သယ်ယူရမှာ အခက်အခဲဖြစ်စေပါ တယ်။ ဒီအတွက်ကြောင့် ဖွဲဆပ်ပြာကိုထည့်ပြီးအသုံးပြုတယ်လို့လဲ သိရပါတယ်။ ကျွဲကောပင် အပွင့်စပွင့်တဲ့ အချိန်မှာတော့ မြေသြဇာကို ကျွေးပေးရပါမယ်။ အထူးသဖြင့် သဘာဝမြေသြဇာတွေ ဖြစ်တဲ့ နွားချေး၊ ကြက်ချေးတို့ကို ထည့်ပေးရပါတယ်။ ယိုးဒယား၊ တီဆူပါ၊ ပိုတက် စတဲ့ဓာတ်မြေ သြဇာတွေကို ကျွေးမယ်ဆိုရင်တော့ အပင်ပတ်လည်ကို မြောင်းဖောက်ပြီး ကျွေးပေးတာဟာ သင့်တော်တဲ့ နည်းလမ်းဖြစ်တယ်လို့ သိရပါတယ်။ အပင်နေရောင်ခြည်ရရှိဖို့နဲ့ မလိုအပ်တဲ့ကိုင်းတွေက အပင်ရဲ့အဟာရစုတ်ယူတာတွေကို ကာကွယ်နိုင်ဖို့အတွက် ကျွဲကောပင်ရဲ့ ပတ်လည်ကို ရင်းလင်းပေးဖို့လည်း လိုအပ်ပါတယ် ဒါကိုလည်း ဦးမြသွင်က အခုလို ရှင်းပြပါတယ်။

ဒီလိုကိုင်းကို သန့်ရှင်းရေးလုပ်ရတဲ့ ရည်ရွယ်ချက်က အသီးအရည်အသွေးကောင်းအောင်နော်။ အသီးလည်းအရည်အသွေးကောင်းတယ်၊ နောက် မှိုရောဂါတွေဘာတွေကာကွယ်တာပေ့ါ။ အဲဒါကြောင့်  ဒီလိုကိုင်းသန့်ရှင်းရေးလုပ်ရတာ။ လှီတဲ့ကိုင်းတွေ၊ အစာကိုညာစားတဲ့ကိုင်းတွေ၊ အဲဒီကိုင်းတွေကို အကုန်လုံးသန့်ရှင်းရေး လုပ်ပေးရတယ်။ ဒါမှသာလျှင် အသီးအရောင်အသွေးလှတယ်၊ အသီးက နေရောင်ခြည်တိုက်ရိုက်ရမှ ချိုလည်းပိုချိုလာမယ်။ အဲဒါကြောင့် နေရောင်ခြည်ကို တိုက်ရိုက်ရချင်တာ။

ဒီလိုအပင်တွေ ရှင်းပစ်လိုက်ခြင်းအားဖြင့် မှိုရောဂါလည်း ကာကွယ်တာပေါ့လေ။ နောက်မို့လို့ရှိရင် မိုးပွားလေးတွေကျတယ်။ နေမပူခင်မှာဆိုလို့ရှိရင် စိုစွတ်မှုတွေများပြီး၊ မှိုရောဂါတွေဝင်ပြီးတော့ အသီးပါ ကူးစက်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီရည်ရွယ်ချက်နဲ့ ကိုင်းကို သန့်ရှင်းရေးလုပ်ရတာပါ။ အစာကျွေးတဲ့အခါကြတော့လည်း ဒီအတိုင်းပဲလေ။ သစ်ပင်တစ်ပင်ကို ကျွန်တော်တို့က သုံးကြိမ်လောက်ကျွေးတယ်။ မိုးဦးကျတစ်ကြိမ်၊ အသီးခူးပြီးတစ်ကြိမ်၊ ခူးခါနီး တစ်လအလိုမှကြ တော့  သုံးကြိမ်လောက်ကျွေးတယ်ပေ့ါနော်။ သုံးကြိမ်လောက်ကျွေးပြီးတော့မှ အသီးအရည်အသွေးက ကိုယ်လိုချင်တဲ့ အဆင့်ကိုမှီတယ်။

ဈေးကွက်ဝင်တဲ့ ကျွဲကောမျိုးတွေကတော့ ပန်းရောင်တစ်လို့ခေါ်တဲ့ မော်လမြိုင်ကျွဲကောမျိုး၊ နောက် တစ်မျိုးကတော့ ထိုင်းနိုင်ငံမှာ ဝင်ရောက်လာတဲ့ ပျားရည်ဆန်းကျွဲကောမျိုး တရုတ်လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ပတ္တမြားမျိုးနဲ့ အတွင်းသားအစိမ်းရောင်ရှိတဲ့ ကျောက်စိန်းမျိုးတို့ပဲ ဖြစ်ပါတယ်။ ပြည်ပဈေးကွက်ဝင်ကျွဲကောသီးတွေရရှိဖို့အတွက် အသီးအနှံတွေကို အိတ်စွတ်ပေးဖို့ လိုအပ်ပါတယ်။ အိတ်စွတ်ခြင်းအားဖြင့် အသီးရဲ့အရောင်အသွေးလှပသလို အသီးရဲ့ အတွင်းသားလည်း နူးညံ့စေပါ တယ်။

 

ဒါ့အပြင် သီးထိုးရင်ပိုကျရောက်မှုကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကျွဲကောသီး ပြည့်ပကို တင်ပို့မှုအနေနဲ့ လက်ရှိစင်္ကပူနိုင်ငံကို တင်ပို့နေတာတွေရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ထွက်တဲ့ ကျွဲကောသီးဟာ ပြည်ပကို တင်ပို့မှုအတွက် အရည်အသွေးမီပေမဲ့ အရေအတွက်ကို လိုသလောက်မရရှိတာနဲ့ အခြားထောက်ခံချက်တွေ လိုအပ်နေတယ်ဆိုတာက အဓိက စိန်ခေါ်မှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံကျွဲကောရောင်းချထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမြသွင်က အခုလိုပြောပါတယ်။

ကျွန်တော်တို့ဆီမှာ စိုက်နိုင်တဲ့အင်အားနည်းတယ်။ ထုတ်လုပ်နိုင်တဲ့ အင်အားနည်းတဲ့အတွက် သူတို့လိုသလောက် မပေးနိုင်ဘူး အဲဒီလိုသလောက်မပေးနိုင်တာကိုက ကျွန်တော်တို့အတွက် အကြီးမားဆုံးအခက်အခဲကြီးတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အရသာအရည်အသွေးနဲ့  ပတ်သက်လို့ကတော့ အထူးပြောစရာမလိုပါဘူး ရာနှုန်းပြည့်အောင်မြင်ပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့က နိုင်ငံတကာဈေးကွက်ကို ပို့တော့မယ်ဆိုရင် သီးနှံတွေအားလုံးပေ့ါနော်။ တင်ပို့ရောင်းချမည့် သီးနှံအားလုံးသည် လိုအပ်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် လက်မှတ်တွေ၊ မှတ်ချက်တွေ၊ ကျွန်တော်တို့ တောင်သူတွေမှာ လိုတယ်။ သူတို့ ကလည်း ဒါကို အာမခံချက်ရှိမှ ယူမှာပဲလေ။ ဒါအာမခံချက်ရှိဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားရ မှာဘဲ။ လှုံဆော်ရမှာပေါ့နော်။

တစ်ဖက်တစ်လမ်းကလည်းအခုနကပြောသလို ပညာပေး၊ ဟောပြောပွဲတွေလုပ်သလို တစ်ဖက်တစ်လမ်းကလည်း ပညာပေးလုပ်သလို ကျွန်တော်တို့အပိုင်း ကလည်း ဒါကို လက်မှတ်ရဖို့ကလည်း ကျွန်တော်တို့ကြိုးစားရမှာ။ တောင်သူများရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ရဲ့ ထွက်ကုန်သီးနှံက တန်ရာတန်ကြေးပေါ့နော်။ ပြည်တွင်း လည်းရောင်းရမယ်၊ ပြည်ပလည်းရောင်းရမယ်။ ဒါမှသာလျှင် တောင်သူတွေရဲ့ဘဝဟာ မြင့်လာမှာ လေ။

 

ပြည်ပတင်ပို့မှုဈေးကွက်မှာ အလေးချိန်အကန့်အသတ်တွေလည်း ရှိနေပါတယ်။  ပြည်တွင်းဈေးကွက် မှာတော့ အလုံးလိုက် ရောင်းချမှုတွေ ကျယ်ပြန့်ပေမဲ့ ပြည်ပတင်ပို့မယ်ဆိုရင်တော့ ကီလိုဂရမ်လိုက် ခွဲခြားတင်ပို့ရပါတယ်။ ဒါဟာလည်း ပြည်တွင်းပြင်ပဈေးကွက်မှာ ပြချေတစ်ခုဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိစိုက်ပျိုးနေတဲ့ ကျွဲကောမျိုးစေ့ပေါင်း ၂၀ နီးပါးခန့်ရှိပါတယ်။

 

နိုင်ငံခြားကို တင်ပို့ဖို့ရည်ရွယ်ပြီး စိုက်ပျိုးမယ်ဆိုရင်တော့ ပြည်တွင်းမျိုးတွေထဲက တစ်ခုဖြစ်တဲ့ ပန်းရောင်တစ်မျိုးနဲ့ နောက်တစ်မျိုးကတော့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ပျားရည်ကျွဲကော မျိုးတွေကို အဓိကထားစိုက်ပျိုးသင့်တယ်လို့လဲ ကျွဲကောထုတ်လုပ်သူများ အစုအဖွဲ့က အကြံ့ဉာဏ် ပေးထားပါတယ်။ စိုက်ရင်းလေ့လာ လေ့လာရင်းစိုက်ရတဲ့ ကျွဲကောသီးဟာ အခုဆိုရင် ပြည်တွင်းပြည်ပ ဈေးကွက်တွေ ရရှိနေတာကြောင့် ခြံစိုက်တောင်သူတွေအတွက် စိုက်ပျိုးဖို အကောင်းဆုံးသီးနှံတစ်ခု ဖြစ်လာနေပါပြီ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required