ရှမ်းအဖွဲ့များအကြား စစ်ရေးတင်းမာနေသဖြင့် ရွာသားများ ထွက်ပြေးနေကြရ

ရှမ်းအဖွဲ့များအကြား စစ်ရေးတင်းမာနေသဖြင့် ရွာသားများ ထွက်ပြေးနေကြရ

ချင်းမိုင်(မဇ္ဈိမ)။                ။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေဆဲဖြစ်၍ ဒေသခံ ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်မှစတင်ပြီး နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နိုဝင်ဘာလ ၂၈ ရက်မှ ယနေ့ထိ ဟိုပန်ကျေးရွာသား ၂၆၀ ခန့်က မိုင်းဝီကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။

"စာရင်းရထားတာက ၂၆၀ ။ သူတို့က ဟိုပန်ဘက်ကနေ ထွက်ပြေးလာတာ။ ဒီမှာသူတို့ အသိမိတ်ဆွေအိမ်မှာဘဲ ခိုနားထားတယ်။ အခုလောလောဆယ် ရွာထဲက လူငယ်အဖွဲ့ရဲ့ ရံပုံငွေတွေနဲ့ဘဲ သူတို့ကို ကူညီထားတယ်။ အစား အသောက်ခက်ခဲတယ်။ တချို့ဆို ဆန်တွေ၊ ဘာတွေတောင် မပါခဲ့ဘူး။" ဟု မိုင်းဝီး ဒေသခံ စိုင်းခမ်းလှိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များက မိုင်းဝီးကျေးရွာရှိ ၎င်းတို့၏ မိတ်ဆွေများနေအိမ်များတွင် ခိုလှုံနေပြီး အစားအသောက်များ လိုအပ်နေသည်ဟု သိရသည်။

ဟိုပန်ကျေးရွာသည် မိုင်းဝီးကျေးရွာမှ ၃ မိုင်ခန့် ကွာဝေးပြီး လက်ရှိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက် စစ်ရေး တင်းမာနေဆဲ ဖြစ်၍ မိမိနေအိမ်သို့ မပြန်ရဲသေးကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ နမ့်ခမ်းမြို့နယ် RCSS/SSA က TNLA ၏ နယ်မြေ ကျူးကျော် ဝင်ရောက်လာသဖြင့် နိုဝင်ဘလ ၃၀ ရက်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ဘက်မှ ဒီဇင်ဘာလ ၁ ရက်က သတင်းထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးရန်အတွက် ထိုင်းမြန်မာနယ်စပ် လွိုယ်တိုင်းလျန်သို့ လာရောက်သည့် အမှတ် ၇၀၁ (ရွှေလီမြစ်ဝမ်းဒေသ) စစ်ကြောင်းကို TNLA က ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ၃ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရှိခဲ့သည်ဟု RCSS/SSA က ထုတ်ဖော်ပြောဆိုမှုများ ရှိသည်။

အလားတူ ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်မြို့နယ်တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် အစိုးရစစ်တပ်တို့ ဖြစ်ပွားနေသော တိုက်ပွဲကြောင်း စစ်ပြေးဒုက္ခသည် ၁,၀၀,၀၀ ခန့်ထွက်ပြေး တိမ်းရှောင်နေရဆဲ ပင်ဖြစ်သည်။

RCSS/SSA သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို လက်မှတ်ရေးထိုးထားသော အဖွဲ့ ဖြစ်ပြီး TNLA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ခြင်းမရှိသဖြင့် NCA ကို လက်မှတ် မရေးထိုးသေးသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required