ရေကြီးမှုကြောင့် ပျက်ဆီးသွားတဲ့ငါးကန်တွေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန် တစ်နှစ် အချိန်ယူရမည်

ရေကြီးမှုကြောင့် ပျက်ဆီးသွားတဲ့ငါးကန်တွေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန် တစ်နှစ် အချိန်ယူရမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ ။ ။ ရေကြီး၊ ရေလျှံမှုတွေကြောင့် ပျက်ဆီးဆုံးရှုံးခဲ့တဲ့ငါးကန်တွေမှာ အရင်ကလို အကောင်းအတိုင်းပြန်ဖြစ်ဖို့ အနည်းဆုံး အချိန်တစ်နှစ် စောင့်ရဦးမှာဖြစ်ပါတယ်။ ငါးလုပ်ငန်းရှင်တွေအနေနဲ့ ဒီငါးကန်တွေထဲမှာ ငါးကောင်ရေ အပြည့်အဝ ပြန်လည်ထည့်သွင်းမွေးမြူနိုင်ဖို့ဆိုတာက စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

"ကျွန်တော်သိသလောက်ကတော့ ဒီငါးမွေးလုပ်ငန်းရှင်တွေကရဲရဲတင်းတင်းငါးထည့်မွေးရဲတဲ့ သတ္တိမရှိတော့ဘူး။ စိုးရိမ်ထိတ်လန့်မှုတော်တော်ကြီးသွားတယ်၊အဲတော့ သူတို့ထည့်ထားပြီးသား ငါးတွေထဲက ကျန်တာလေးတွေ နည်းနည်းစစ်ဆေးကြည့်နေတာလေးရှိတယ်၊ဒါလည်းသိပ်များများမကျန်ဘူးပေါ့။" လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က မဇ္ဈိမကို ပြောပါတယ်။ 

ဒီလိုစိုးရိမ်မှုတွေနဲ့အတူ ရေကြီးနစ်မြှုပ်ခဲ့တုန်းက ငါးကန်တွေကနေ လွတ်ထွက်သွားတဲ့ ငါးကောင်ရေအရေအတွက်တွေ မသိတာနဲ့ သားပေါက်ထပ်ထည့်လို့ရမယ့် အခြေအနေတွေကို မခန့်မှန်းနိုင်သေးတာကလည်း ငါးကန်ပိုင်ရှင်တွေအတွက် ခက်ခဲနေပါသေးတယ်။ ဒါ့အပြင် လာမယ့်နွေရာသီမှာ ငါးကန်တွေကို ပြန်လည်ပြုပြင်ရမယ့် အခြေအနေတွေလည်းရှိနေပါတယ်။

"ဒီနှစ်အတိုင်းအတာနဲ့ ဆိုးရိမ်ပူပန်မှုကအများကြီးဘဲ၊ဘာကြောင့်များလည်းဆိုရေကြီးထားတယ်။ ကြီးတဲ့ဟာ ပြန်ကျထားတယ် အထဲထဲမှာကိုယ်ထည့်တဲ့ငါးအရေအတွက်ပေါ့။ အရေအတွက်ကမှန်းလို့မရဘူး။ တစ်ဧကကို အကြပ်မွေးရင် ၁၂၀၀ ထည့်ထားလို့ ဘာလို့၈၀၀ ထည့်ထားလို့ကြတော့မှန်းလို့မရတော့ဘူး။" လို့ ထန်းတစ်ပင်မြို့နယ်က ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးတင်ငြိမ်းက မဇ္ဈိမကို ပြောပါတယ်။ 

တစ်ဘက်မှာကလည်းရေကြီးတာကိုကာကွယ်တဲ့အနေနဲ့ ငါးကန်တွေကိုအချိန်မတိုင်ခင် ဖော်လိုက်တာတွေရှိသလို အစာဈေးနှုန်းကြီးမြင့်မှုကြောင့် ငါးကန်တွေ ကြိုပြီးဖော် ထုတ်နေတဲ့ အခြေအနေတွေကိုလည်းတွေ့မြင်နေရပါတယ်။

"ဒီကန်တွေကလေးလပိုင်းလောက်မှာဖော်ရမယ့်ကန်တွေပေါ့။ အခုလိုဆုံးရှုံးလိုက်တဲ့ဟာကိုတော့ ပြန်လည်ကာမိအောင်တော့ အလွယ်တကူတော့ ဖြစ်မလာနိုင်ဘူးတစ်ဦးထဲတော့မဟုတ်ဘူး။ လူတိုင်းလိုလိုပဲ တော်တော်များများတော့ နံလံပြန်ထူမှာမဟုတ်ဘူး ကြိုးစားစရမှာပေါ့။" လို့ ထန်းတစ်ပင်မြို့နယ်ကပဲ ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးခင်ဇော်ဦးက ပြောပါတယ်။

ဒါကြောင့် ၂၀၁၆ခုနှစ်မှာတော့ မွေးမြူရေးထွက်နှုန်းကျဆင်းနိုင်တဲ့ အခြေအနေကို "ငါးထည့်မွေးတဲ့လုပ်ငန်းက ကျွန်တော်ထင်တယ်၊အများကြီးကိုလျှော့သွားမယ့် သဘောသူတို့ကိုရဲရဲတင်းတင်းထည့်ပြီးတော့ အင်ပြည့်အားပြည့် မွေးတဲ့ဟာမျိုးက ၂၀၁၆ နွေရာသီမှာပြင်ပြီးတော့က ၂၀၁၆ မိုးရာသီမှာအင်ပြည့်အားပြည့် ရင်းနှီးမြှုပ်နှံမှုမှာထည့်ပြီးတော့ မွေးမယ့်အနေအထားမျိုး ဖြစ်နိုင်တယ်။ ရေကျသွားရင် အင်ပြည့်အားပြည့် ငါးပြန်ဖြည့်ပြီးတော့ မွေးနိုင်မယ်လို့ ရည်ရွယ်တာငါးမွေးမြူရေးလုပ်ငန်းကြီးရေမြုပ်သွားတဲ့ ဧကသုံးသောင်းခွဲက တစ်ရာသီနောက်ဆုတ်သွားမယ့် ဒီရာသီငါးထွက်ဖို့ စားရင်းထဲမှာ ဒီဧက မပါနိုင်တော့ဘူး" လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးက သုံးသပ်ထားပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ ငါးမွေမြူရေးကန်ဧကပေါင်း နှစ်သိန်းနှစ်သောင်းကျော်ရှိရာမှာ ရေကြီးနှစ်မြှုပ်မှုကြောင့် ဧကပေါင်းသုံးသောင်းခွဲဝန်းကျင် ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်၂၀၁၆ ခုနှစ်မှာတော့ ငါးထွက်နှုန်းတွေ ကျဆင်းမှာဖြစ်သလို ငါးဈေးတွေရဲ့ပြောင်းလဲမှုကတော့ စောင့်ကြည့်ရမယ့် အခြေအနေတစ်ခုဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required