ကာဗွန်လျော့ချခြင်းလှုပ်ရှားမှု ရန်ကုန်မှ မှော်ဘီသို့ စက်ဘီးစီးမည်

ကာဗွန်လျော့ချခြင်းလှုပ်ရှားမှု ရန်ကုန်မှ မှော်ဘီသို့ စက်ဘီးစီးမည်

ဇော်ခမ်းဟိန်း၊ ဒီဇင်ဘာ ၃ ။            ။ ဂေဟဟိတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကာဗွန်လျော့ချခြင်း လှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြစ် ဒီဇင်ဘာ ၆ ရက်နေ့၌ ရန်ကုန်မှ မှော်ဘီသို့ စက်ဘီးစီးကြရန် စီစဉ်နေသည်ဟု သိရသည်။

မနက် ၆ နာရီခွဲတွင် ဂေဟဟိတရုံး (မင်းဓမ္မလမ်း gas ဆိုင်အနီး) မှ ထွက်ခွာမည်ဖြစ်ပြီး အစီအစဉ် တွင် ပါဝင်လိုသူများ အနေဖြင့် စက်ဘီးများ ယူဆောင်လာ၍ ပူးပေါင်းနိုင်သည်ဟု ယင်းအဖွဲ့က ပြောသည်။

ဂေဟဟိတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့်အတူ Yangon Youth Network ၊ Green Lotus ၊ Activita နှင့်လူငယ်အဖွဲ့များ ပူးပေါင်းပါဝင်ပြီး Bycycle Network Myanmar  ကလည်း စာရင်းသွင်းထားသည်ဟု စီစဉ်သူ ကိုသော်ကြီး က မဇ္ဈိမသို့ပြောသည်။

''ရန်ကုန်ကနေ ဂေဟဟိတရုံးမှာ မနက်စာစားပြီး ထွက်မယ်။ မှော်ဘီက 'ဗေရိခြံ' မှာနားပြီး စက်ဘီးစီးသူတွေအားလုံး မိတ်ဆက်ပြီး နောက်လတွေမှာ ဘာအစီအစဉ်တွေ ထပ်လုပ်ကြမလဲ ဆိုတာဆွေးနွေး မယ်။ ကျွန်တော်တို့အဖွဲ့က ပြင်သစ် နိုင်ငံမှာ Cop 21 သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဖိုရမ် တက်နေတဲ့ အတွေ့အကြုံတွေပြောပြမယ်။'' ဟု၎င်းကဆိုသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဖိုရမ်သို့ ဂေဟဟိတမှ ကိုသာဇင်ဦး၊ Yangon Youth Network မှ ကိုမိုးသွေးနှင့် မအိအိမင်းတို့ တက်ရောက်လျှက်ရှိသည်။

အမှတ် ၅၆၊ (၁၆) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ ဂေဟဟိတအဖွဲ့အား ၂၀၁၀ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာသင်တန်း ပေးခြင်း၊ သစ်ပင်စိုက်ခြင်း၊ အော်ဂဲနစ်ပစ္စည်းထုတ်လုပ် သင်တန်းပေးခြင်းတို့ပြုလုပ်လျှက်ရှိပြီး Green Shop အော်ဂဲနစ်အရောင်းဆိုင်လည်း ဖွင့်လှစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required