အစိုးရအသစ်ကို လုပ်ငန်းလွှဲပေးနိုင်ရေး အပြီးသတ်ဆောင်ရွက်နေဟုဆို

အစိုးရအသစ်ကို လုပ်ငန်းလွှဲပေးနိုင်ရေး အပြီးသတ်ဆောင်ရွက်နေဟုဆို

ကယား၊ ဒီဇင်ဘာ ၂ ။             ။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အစိုးရမှ လုပ်ခဲ့သော လုပ်ငန်းများ၊ ငွေရေးကြေးရေးကိစ္စများ အားလုံးကို ယခုကျန်ရှိသော အစိုးရသက်တမ်းတွင် ပြီးစီးအောင် လုပ်ဆောင်နေရကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောသည်။

“၂၀၁၅-၁၆ခုနှစ် ဘဏ္ဍာရေးနှစ်က လုပ်ခဲ့တဲ့ လုပ်ငန်းတွေကို ဒီဇင်လာလမှာ အပြီးဖြတ်ဖို့ ကျွန်တော်တို့ စိုင်းပြင်းနေရပါတယ်” ဟုပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်နေရသည်မှာ နောင်တက်လာမည့် အစိုးရလက်ထက်တွင် လုပ်ငန်းအကြွင်းအကျန်များ၊ ငွေရေးကြေးရေး အရှုပ်အရှင်းများ ရှင်းလင်းအောင် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

လက်ရှိအစိုးရများ၏ လုပ်ဆောင်ချက်များကို ကြည့်လျှင် အားရကျေနပ်မှုရှိကြောင်း ၂၀၁၅ခု နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိသူ ကယားပြည်နယ် ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမျိုးဆွေက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီလက်ရှိအစိုးရတွေရဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာတွေကို အားရကျေနပ်မှုရှိပါတယ်၊ ဘာလို့လဲဆိုတော့ အချိန်ကာလတစ်ခုမှာ လုပ်ခဲ့တဲ့လုပ်ငန်းတွေက ပြီးပြည့်စုံတယ်လို့ မဆိုလိုပေမယ့် ဆောင်ရွက်နိုင်တဲ့အတိုင်းအတာကိုတော့ အပြည့်အဝဆောင်ရွက်ပေးတယ်လို့ပဲ ကျွန်တော်ထင်ပါတယ် ” ဟုပြောသည်။

ထို့အပြင် ၎င်းတို့လုပ်ဆောင်မည့်လုပ်ငန်း အပေါ်တွင်လည်း စေတနာအပြည့်အဝနှင့် လုပ်ဆောင်ပေးမည်ဟုလည်း မျှော်လင့်ကြောင်း၎င်းက ဆက်ပြောသည်။

ယခု လက်ရှိပြည်နယ်အစိုးရ လုပ်ဆောင်ခဲ့သော လုပ်ငန်းများသည် ပြီးစီးအောင်မြင်သွားသည် မဟုတ်သော်လည်း လမ်းကြောင်းတစ်ခုပေါ်သို့ တင်ပေးလိုက်နိုင်ပြီဖြစ်ကြောင်း ၊ ရှေ့ဆက်သွားလျှင် ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ကောင်း ရနိုင်ကြောင်း ဦးချစ်လှက ပြောသည်။

ယခု လက်ရှိပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူဦးဆောင်ခဲ့ပြီးသော ငါးနှစ်ကာလအတွင်းတွင် ဝန်ကြီးချုပ်၏ မူဘောင်၊ လမ်းညွန်ချက်၊ ဦးဆောင်မှုကြောင့် မည်သည့် ပြဿနာမျှ မရှိခဲ့ကြောင်း ဦးချစ်လှက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ  စီမံသည့်လမ်းသည် ၅၅ ရာခိုင်နှုန်း ရှိပြီး ပြည်နယ်အစိုးရစီမံသည့်လမ်းမှာ ၄၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly