ဟိုတယ်ခေါ်အိပ်ပြီး ဖိလစ်ပိုင်အမျိုးသမီးက လိင်ပြောင်းထားသူဖြစ်ကြောင်းသိပြီး သတ်မိသည့် အမေရိကန်မရိန်းတပ်သား ပြစ်ဒဏ်ချမှတ်ခံရ

ဟိုတယ်ခေါ်အိပ်ပြီး ဖိလစ်ပိုင်အမျိုးသမီးက လိင်ပြောင်းထားသူဖြစ်ကြောင်းသိပြီး သတ်မိသည့် အမေရိကန်မရိန်းတပ်သား ပြစ်ဒဏ်ချမှတ်ခံရ

ပြီးခဲ့သည့်နှစ်က ဖိလစ်ပိုင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့သည့် အမေရိကန်မရိန်းတပ်သားတစ်ဦးက ဟိုတယ်တစ်ခုအတွင်း အတူခေါ်လာသည့် ဖိလစ်ပိုင် အမျိုးသမီးအား လိင်ပြောင်းထား သူဖြစ်ကြောင်း သိလိုက်ပြီး သတ်မိခဲ့ခြင်းအတွက် တရားရုံးက အပြစ်ဒဏ် ချမှတ်သည်။

အမေရိကန်မရိန်းတပ်မှ အကြပ်တပ်သား ဂျိုးစက်စကော့ပမ်ဘာတန်ကို ဒီဇင်ဘာ ၁ ရက်က လူသေစေမှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။ သေဆုံးသူ ဂျင်နီဖာလော့နှင့် ဂျိုးစက်တို့က မနီလာ အနောက်မြောက်ပိုင်း အိုလွန်ဂါပိုမြို့ရှိ အရက်ဘားတစ်ခု၌ တွေ့ဆုံကြပြီး ဟိုတယ်သို့ အတူသွားခဲ့ကြခြင်းဖြစ်သည်။

ဂျင်နီဖာမှာ လိင်ပြောင်းထားသူဖြစ်ကြောင်း စကော့က သိလိုက်ရပြီးနောက် လည်ပင်းထညှစ်ကာ အိမ်သာရေကမုတ်အတွင်း ခေါင်းကိုနှစ်ပစ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးမှတ်တမ်းအရာရှိ ဂါရီဂရူပီက ဂျိုးစက်အား ထောင်ဒဏ် ခြောက်နှစ်မှ ၁၂ နှစ်ချမှတ်ပြီး ချုပ်နှောင်ကာလများလည်း အကျုံးဝင်သည်ဟု ပြောသည်။

ဂျိုးစက် အပြစ်ဒဏ်ချမှတ်ခံရခြင်းအတွက် အလွန်အားရကြောင်း၊ ပိုမိုပြင်းထန်သည့် လူသတ်မှုဖြင့် စီရင်ရမှာဖြစ်ပေမယ့် လူသေစေမှုဖြင့် အပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ကိုတော့ ကျေနပ်မှုမရှိကြောင်း ဂျင်နီဖာ၏ မိခင်ဖြစ်သူက ပြောသည်။

တရားရုံးအပြင်ဖက်တွင်လည်း လက်ဝဲယိမ်းတက်ကြွလှုပ်ရှားသူများက စုရုံးအောင်ပွဲခံနေခဲ့သော်လည်း တရားရုံးက အပြစ်ဒဏ်အတိုင်း ဖိလစ်ပိုင်အကျဉ်းထောင်တွင် ဂျိုးစက်အား ထောင်ချမချကို သေချာစောင့်ကြည့်သွားမည်ဟု သတိပေးထားသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားသည့် ယင်းအမှုကြောင့် ဖိလစ်ပိုင်တွင် မကျေနပ်ဆန့်ကျင် ဒေါသထွက်မှုများ ဖြစ်ပွားခဲ့ရသည်။ တရုတ်နှင့် ပင်လယ် ပိုင်နက်အငြင်းပွား၍ အမေရိကန်၏ အထောက်အကူကို ရယူလိုသည့် ဖိလစ်ပိုင်တွင် အာရှ၌ စစ်ရေးသြဇာချဲ့ထွင်နေသည့် အမေရိကန်၏ စစ်တပ် တည်ရှိမှုကို အဆုံး သတ်ရန် လက်ဝဲအုပ်စုများနှင့် အမျိုးသားရေးအုပ်စုများက တောင်းဆို ခဲ့ကြသည်။

Ref: The Guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required