ဖေ့ဘုတ်ပိုင်ရှင် မတ်ဇူကာဘတ်က ရှယ်ယာ ၉၉ ရာခိုင်နှုန်း လှူဒါန်း

ဖေ့ဘုတ်ပိုင်ရှင် မတ်ဇူကာဘတ်က ရှယ်ယာ ၉၉ ရာခိုင်နှုန်း လှူဒါန်း

ဖေ့ဘုတ်တည်ထောင်သူ မတ်ဇူကာဘတ်နှင့် ဇနီးသည် ပရီစီလာချန်းတို့က သမီးငယ် မတ်စ်မွေးဖွားခြင်း အထိမ်းအမှတ်အဖြစ် ကုမ္ပဏီမှ ၎င်းတို့ပိုင် ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွား မည်ဖြစ်ကြောင်း ပြောသည်။

မတ်ဇူကာဘတ်က သမီးမတ်စ်အတွက် ဖေ့ဘုတ်ပေါ်ရေးသည့် စာတွင် ယခုကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

မိမိတို့၏ ပိုင်ဆိုင်ငွေကြေးများအား ၎င်းတို့ ထူထောင်ထားသည့် လူမှုကူညီရေးဖောင်ဒေးရှင်း Chan Zuckerberg Initiative သို့ လှူဒါန်းပြီဖြစ်ကြောင်း၊ သမီးငယ် ကြီးပြင်းလာရာ ကမ္ဘာကို ပိုမိုကောင်းမွန်စေချင်၍ ယခုကဲ့သို့ တည်ထောင်လှူဒါန်းရခြင်းဖြစ်ကြောင်း ဇူကာဘတ်က ရေးသားထားသည်။

၎င်းတို့၏ လက်ရှိရှယ်ယာ ၉၉ ရာခိုင်နှုန်းသည် တန်ဖိုးငွေအားဖြင့် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံရှိသည်။

သမီးလေး မတ်စ်ကို ပြီးခဲ့သည့် သီတင်းပတ်က ဖွားမြင်ခြင်းဖြစ်သော်လည်း ဇူကာဘတ်တို့ ဇနီးမောင်နှံက နောက်ပိုင်းမှ လူသိရှင်ကြားကြေညာခဲ့ခြင်းဖြစ်သည်။

Chan Zuckerberg Initiative ကို တည်ထောင်ရခြင်းနှင့် ပတ်သက်ပြီး လူသားစွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ရန်နှင့် လာမည့်မျိုးဆက်သစ် ကလေးငယ်များ၏ အရည်အသွေးကို မြင့်မားစေရန် အတွက် ရည်ရွယ်ကြောင်း ဇူကာဘတ်က ဖေ့ဘုတ်ပို့စ်တွင် ရေးသားဖော်ပြထားသည်။

ဖောင်ဒေးရှင်းအနေဖြင့် ပညာသင်ကြားရေး၊ ရောဂါကုသခြင်းနှင့် လူအချင်းချင်းဆက်ဆံရေးနှင့် ခိုင်မာသည့် အသိုက်အဝန်း တည်ထောင်ခြင်းတို့အပေါ် ဦးတည်လုပ်ဆောင်သွားမည်ဖြစ်သည်။

"သမီးအမေနဲ့ အဖေက အနာဂတ်အတွက် သမီးလေးက ပေးတဲ့ မျှော်လင့်ချက်တွေကို ဖော်ပြနိုင်ဖို့ စကားလုံး ရှာမတွေ့နိုင်သေးပါဘူး။"ဟု သမီးငယ်မတ်စ်သို့ ရည်ရွယ်ရေးသည့် ပို့စ်တွင် အဖွင့်စာသားအဖြစ် ဇူကာဘတ်က ရေးသားထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required