စည်းကမ်းအစ စာသင်ကျောင်းက

စည်းကမ်းအစ စာသင်ကျောင်းက
ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္စျိမ

နိုဝင်ဘာ ၂၈၊ ၂၀၁၅ က အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် အမှိုက်ကောက်ကြရန် ဟောပြောခဲ့ကြောင်း သတင်းစကားကြားရသည်။ ဤတွင် ပြည်သူ့ကိုယ်စားလှယ်များအနေနှင့် အမှိုက်ကောက်သင့်၊ မသင့် ဖေ့စ်ဘုတ်တွင် ဒီဘိတ်ဖြစ်သွားသည်။

အမှိုက်ကို စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့်သည် ကျွနု်ပ်တို့ ငယ်စဉ်ကတည်းက ရှိခဲ့သည်။ အစိုးရစာသင်ကျောင်းတွင် ကျောင်းသားငယ်များကို ကျန်စစ်သား၊ ဘုရင့်နောင် အစရှိသည့် အသင်းအဖွဲ့များ ခွဲထားပေးပြီး၊ တံမြက်လှည်း၊ အမှိုက်သိမ်း၊ အမှိုက်ပစ် စနစ်တကျ လုပ်တတ်စေရန် အတန်းကြီး ကျောင်းသားများနှင့် ဆရာ၊ ဆရာမများက သွန်သင်ပေးခဲ့သည်။ စည်ပင်သာယာကလည်း သတ်မှတ်အချိန်တွင် ခေါင်းလောင်းထိုးပြီး အမှိုက်သိမ်းပေးခဲ့သည်။ သန့်ရှင်းသော ကျောင်း၊ သန့်ရှင်းသော လမ်း၊ သန့်ရှင်းသော ရပ်ကွက်နှင့် သန့်ရှင်းသော မြို့နယ်များ ပေါ်ပေါက်ခဲ့ဖူးသည်။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည် စသည်ဖြင့် ကျွနု်ပ်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက သင်ယူလေ့လာခဲ့ရသည်။ ပျော်ရွှင်ခဲ့ကြသည်၊ စည်းကမ်းလိုက်နာခဲ့ကြသည်။ အဆိုပါအကျင့်ကောင်းများသည် စစ်အာဏာရှင်များက တိုင်းပြည်ကို အုပ်စီး ချုပ်ကိုင်ပြီးနောက်တွင် ပျက်စီးသွားခဲ့သည်။

ကျောင်းအုပ်ဆရာကြီးများက အထက်မှ ရောက်လာကြသည်။ ၎င်းတို့အကျိုးစီးပွားအတွက်ကို လုပ်တော့သည်။ အတန်းပိုင်ဆရာ၊ ဆရာများကလည်း အကျိုးစီးပွားကိစ္စကို ဦးစားပေးလာကြသည်။ ကျောင်းသားများ၏ ပညာသင်ကြားရေးအပြင် ၎င်းတို့ ဘဝများ ကောင်းစွာ ရှင်သန်နေထိုင်ရန် လိုအပ်သော စည်းကမ်းများ၊ ခွန်အားများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ခေါင်းဆောင်မှု စွမ်းရည်များကို အသက်အရွယ်အလိုက် တိုးတက်စေရန် ဟောပြော၊ စည်းရုံး၊ လေ့ကျင့်ပေးရန် အချိန်မပေးနိုင်ကြတော့၊ ကိုယ်လက်လှုပ်ရှား အားကစားနှင့် အနုပညာခံစားမှုများကား ဝေးဝေးရောက်ကုန်တော့သည်။

ကျောင်းကစားကွင်းလည်း မရှိ၊ ရပ်ကွက်ဘောလုံးကွင်းလည်း မရှိ၊ ကွက်လပ်ကျယ်ကျယ် မှန်သမျှ လိုချင်မျက်စိရှိသော အာဏာရှင်နှင့် နောက်မြီးဆွဲများက သိမ်းလိုက်ပိုက်လိုက်ကြသည်။ စစ်အာဏာရှင်ကြီးများက အာဏာရှင်ကြီး၊ လတ်၊ ငယ်၊ သေးလေးများကို မွေးဖွားပေးလိုက်ကြသည်။ စည်းကမ်းဆိုသည်မှာ လိုက်ရှာရသော တန်ဖိုးကြီးပစ္စည်းဖြစ်သွားခဲ့သည်။ ကျောင်းတွင်လည်း စည်းကမ်းမရှိတော့ပါ။ အာဏာရှင်ကြီးများ၏ အဆွယ်အပွားလေးများဖြစ်က ထင်သလိုပြုမူနေနိုင်ကြသည်။

အာဏာရှင်ပေါက်စလေးများက ကျောင်းမှထွက်၍ အလုပ်လုပ်သည့်အခါတွင်လည်း ထိုသို့ပင် ပုံစံဖမ်းကြသည်။ သူတို့ကတဆင့် နောက်ထပ် အာဏာရှင်ပေါက်စများကို ထပ်မံမွေးဖွားသည်။ ဤသို့ဖြင့် နောက်ဆုံးအဆင့် အများပြည်သူကို သယ်ယူပို့ဆောင်ပေးရသည့် ဝန်ဆောင်မှုကို ပေးရသော အများပြည်သူသုံး ဘတ်စ်ကားများ၏ ယာဉ်နောက်လိုက်များကပါ အာဏာရှင်စိတ်ဓာတ်များဖြင့် ၎င်းတို့၏ ထမင်းရှင်ပြည်သူများကို ပမာမခန့် ဆက်ဆံကြတော့သည်။

ယခုတော့ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ပြည်သူ့ကိုယ်စားလှယ်များကို လက်ချာရိုက်သည်။ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူကို ဦးဆောင်ပြရမည်၊ ပြည်သူ့ကိုယ်စားလှယ်ကိုယ်တိုင်က အမှိုက်ကောက်ပြလျှင် ပြည်သူများပါ လိုက်ပါလာမည်။ ကျောင်းသားလူငယ်များလည်း လိုက်လုပ်ကြမည်။ လူတိုင်းပါဝင်ကြလျှင် အမှိုက်များကို သပ်သပ်ရပ်ရပ်ပစ်၊ သပ်သပ်ရပ်ရပ်စု၊ သပ်သပ်ရပ်ရပ်သိမ်းကြလျှင် မြို့ရွာတခွင် အမှိုက်ကင်းစင်ပြီး လှပသန့်ရှင်းနေတော့မည်။

ပြည်သူ့ကိုယ်စားလှယ်သည် ပြည်သူများအထက်က မဟုတ်ဘဲ ပြည်သူ့အကျိုးကို လိုလားစွာဖြင့် ဆောင်ရွက်သူများ ဖြစ်ကြောင်းကို အမှိုက်ကောက်ပြခြင်းဖြင့် စတင်ကြတော့မည်။ အသေးဆုံးအလုပ်မှ စတင်လိုက်လျှင် တဖြည်းဖြည်း ကြီးမားသော ခက်ခဲသော လေးလံသော အခက်အခဲများ၊ ပြဿနာများ၊ ပဋိပက္ခများအထိတိုင် ပြည်သူများက အားပြည့်အင်ပြည့်ဖြင့် လိုက်ပါပြီး အကျိုးညီညာစွာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲဆိုသည့်အတိုင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှ တက်လာသော အနိုင်ရပါတီ အင်န်အယ်လ်ဒီသည် ပြည်သူများနှင့် အနီးစပ်ဆုံးသော အသေးဆုံးအလုပ်ဖြင့် ပြည်သူ့အားကိုယူပြီး စတင်လုပ်ဆောင်တော့မည်။ ခေတ်ကိုပြောင်းမည်ဆိုလျှင် ခေါင်းဆောင်နေရာယူထားသူက အမိန့်ပေးခိုင်းစေရုံနှင့်မပြည့်စုံဘဲ ပြည်သူများနှင့်လက်ပွန်းတတီး အတူလျှောက်လှမ်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။

ဒီမိုကရေစီခေတ်သစ်ကို စည်းကမ်းကောင်းကောင်းဖြင့် စာသင်ကျောင်းက စစေချင်သည်။ စည်းကမ်းသာမက လူမှုဘဝတွင် ကောင်းမွန်သော နိုင်ငံသားတစ်ဦးအဖြစ် ရပ်တည် ရှင်သန်နိုင်ရေးအတွက် လိုအပ်သည့် စိတ်ဓာတ်ခွန်အားများ ရရှိစေခြင်းငှာ အင်န်အယ်လ်ဒီသည် စာသင်သားလူငယ်များကိုလည်း ကျွန်ုပ်တို့ငယ်စဉ်က ရခဲ့ဖူးသော စည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို ပြန်လည် ဖြည့်စွမ်းပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required