နယူးဇီလန်တွင် အမျိုးသမီးတစ်ဦး အိပ်ခန်းထဲ ကိုယ်တုံးလုံး ဝင်ရောက်သည့် မလေးရှားသံတမန် အမှုရင်ဆိုင်နေရ

နယူးဇီလန်တွင် အမျိုးသမီးတစ်ဦး အိပ်ခန်းထဲ ကိုယ်တုံးလုံး ဝင်ရောက်သည့် မလေးရှားသံတမန် အမှုရင်ဆိုင်နေရ

နယူးဇီလန်ရောက် မလေးရှားသံတမန်ဟောင်းတစ်ဦးက အမျိုးသမီးတစ်ဦး၏ အိပ်ခန်းအတွင်းသို့ အောက်ပိုင်းကိုယ်လုံးတီးဖြင့် ဝင်ရောက်ခဲ့ခြင်းအမှုကို တရားရုံးကြားနာစဉ် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

မိုဟာမတ်ရီဇယ်မန်ဆိုသူသည် ဝဲလ်လင်တန်ရှိ မလေးရှားသံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းနေစဉ် ပြီးခဲ့သည့်နှစ်က ယင်းအမှုကိစ္စ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းအမှုကိစ္စဖြစ်ပွား၍ ၎င်းအား သံတမန်လွတ်ငြိမ်းခွင့်ဖြင့် နိုင်ငံရင်းပြန်ခွင့်ပြုလိုက်ရာ စိတ်ဆိုးဒေါသထွက်မှုများ ပေါ်ပေါက်ခဲ့သည်။

ရီဇယ်မန်အား နယူးဇီလန်တရားရုံးတွင် အမှုရင်ဆိုင်ရန် ပြန်ခေါ်ခဲ့သည်။ ၎င်းက အဓမ္မကျင့်ရန်နှင့် ဓားပြတိုက်လုယက်ရန် ကြိုးစားခြင်းမရှိကြောင်း လျှောက်လဲချက်ပေးခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်တွင် ၎င်းအား စတင်၍ တရားရုံးတင်ကြားနာရာတွင် အဓမ္မမှုနှင့် လုယက်မှုများကို ပယ်ဖျက်ပြီး အမျိုးသမီးအား မဖွယ်မရာကျုးလွန်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

ရီဇယ်မန်၏ ရှေ့နေက ၎င်း၏ အမှုသည်သည် စိတ်ကျန်းမာရေး ထိခိုက်နေခြင်းအပါအဝင် အမှုပေါ့လျော့စေမည့် အထောက်အထားများဖြင့် လျှောက်လဲသော်လည်း ယင်းလျှောက်လဲချက်များကို တရားရုံးက ပလပ်လိုက်သည်။

ပြီးခဲ့သည့် မေ ၉ ရက်က ဝဲလ်လင်တန်ဆင်ခြေဖုံး မလေးရှားသံရုံး တည်ရှိရာ ဘရွတ်ကလင်းတွင် တန်နီယာဆိုသူ အမျိုးသမီးတစ်ဦး၏ အိမ်တွင်းသို့ ရီဇယ်မန်က ကျုးလွန်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ တန်နီယာက တံခါးခေါက်သံကြား၍ သွားဖွင့်ရာ ရီဇယ်မန်သည် ကိုယ်အောက်ပိုင်း ဗလာကျင်းဖြင့် အိပ်ခန်းတွင်းသို့ အတင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ကြားနာသည်။

တန်နီယာက အော်ဟစ်ကာ အတင်းမောင်းထုတ်ခဲ့ပြီးနောက် ရဲတိုင်လိုက်သည်။ "တန်နီယာအနေနဲ့ ဒီလိုမျိုးအခြေအနေကို ထိပ်တိုက်ကြုံလိုက်ရတော့ တော်တော်ကို သွေးပျက်ခြောက်ခြားခဲ့ရတယ်။"ဟု တရားလိုရှေ့နေက ထွက်ဆိုခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required