နှစ်သိမ့်ဆွေးနွေးမှုနှင့် နွေးထွေးမှုကို လိုအပ်နေသည့် အိပ်ချ်အိုင်ဗီဝေဒနာရှင်များ

နှစ်သိမ့်ဆွေးနွေးမှုနှင့် နွေးထွေးမှုကို လိုအပ်နေသည့် အိပ်ချ်အိုင်ဗီဝေဒနာရှင်များ

ရန်ကုန် (Myanmar Now) ။         ။ ဒုတိယအိမ်ထောင်မှ ခင်ပွန်းသည်တစ်ယောက် ၎င်း၏မိဘများအိမ်တွင် ၂၀၁၃ ခုနှစ်အတွင်း ကွယ်လွန်ပြီးနှစ်ပတ်အကြာတွင် ခင်ပွန်းသည်၏ မိဘသားချင်းများက ခင်ပွန်းသည်သည် HIV/AIDS ဖြင့် ဆုံးခြင်းဖြစ်ကြောင်း ဒေါ်ချိုအားဖုန်းဆက်အကြောင်းကြားလာသည်။ သူ့ကိုလည်း သွေးစစ်ကြည့်ရန် ပြောသွားသေးသည်။

နေပူကျဲတဲအောက်မှာပင်ဒေါ်ချိုတစ်ယောက် သွေးစစ်ခံရန် ဆေးခန်းတစ်ခုသို့ အပြေးသွားရောက်ခဲ့ပုံကို ယခုထိကောင်းကောင်းမှတ်မိနေဆဲ။ ရောဂါပိုးမရှိဟု အဖြေထွက်လာတော့မှ ဒေါ်ချိုတစ်ယောက် သက်ပြင်းချနိုင်ခဲ့တော့သည်။

သို့သော် နောက်ပိုင်းကိုယ်အလေးချိန်လျော့ကျလာသလို မကြာခဏလည်း ပိုပြီးနေထိုင်မကောင်းဖြစ်လာတော့ ဒေါ်ချိုလည်းပြီးခဲ့သည့် စက်တင်ဘာလအတွင်း နောက်တစ်ကြိမ်သွေးစစ်ကြည့်သည်။ သည်တစ်ခါတော့ အဖြေကပိုးရှိသည်ဟု ထွက်လာသည်။

“ရောဂါဖြစ်မှန်းသိသိချင်းမှာ စိတ်မကောင်းဖြစ်သလို ဝမ်းလည်းနည်းမိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အသက်၄၃နှစ်အရွယ် ဒေါ်ချိုက ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည့် မျက်ရည်စများကို လက်ဖမိုးဖြင့်သုတ်ရင်းပြောသည်။ ယခင်က ဒေါ်ချိုသည် အိမ်အနီးအနားမှာပင် အထည်ဆိုင်ဖွင့်ခဲ့သူဖြစ်သည်။

ရောဂါဖြစ်သည်ဟုသိသိချင်း နှစ်ရက်မြောက်သည့်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ NAC & NLD AIDS Center ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါ်ချို၏ မိသားစုကလိုအပ်သည့်အသုံးစရိတ်များကို ထောက်ပံ့ပေးသော်လည်း အိမ်တွင် ညီမဖြစ်သူ၏ကလေးငယ်ရှိခြင်းကြောင့် ဒေါ်ချို့မိသားစုဝင်များက ကလေးငယ်အား ရောဂါကူးစက်မည်ကို စိုးရိမ်ခြင်းကြောင့် ဒေါ်ချို့အားအိမ်ပြန်မခေါ်ခဲ့ပေ။

ဒေါ်ချို့တွင် ပထမအိမ်ထောင်ဖြင့်ရသည့် အသက်၂၁နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပြီး ဂေဟာရောက်ရှိချိန်မှစတင်၍ ယနေ့အချိန်အထိ လာရောက်တွေ့ဆုံခြင်း မရှိကြောင်းပြောကြားသည်။

“သမီးကတစ်ခေါက်မှ လာမတွေ့ဘူး။ ဒါပေမဲ့ ဖုန်းနဲ့တော့စကားပြောတဲ့အတွက် တော်သေးတာပေါ့”ဟု ၎င်းကပြောသည်။

ထိုဂေဟာတွင် ဒေါ်ချို့လိုပင် မိသားစုကလက်မခံသည့် HIV/AIDS ရောဂါဝေဒနာရှင်ပေါင်း ၃၀၀ရှိနေသေးသည်။ ရောဂါကုသမှုခံယူရမည့် လူအားလုံး၏ သုံးပုံတစ်ပုံသာဆေးဝါးကုသမှုရရှိခဲ့သည့် လွန်ခဲ့သော နှစ်များကနှင့်စာလျှင် မြန်မာနိုင်ငံ၏ HIV/AIDS ရောဂါဝေဒနာရှင်များ၏ ဂရုစိုက်ခံရမှုအခြေအနေမှာ အထူးတိုးတက် ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်၂၀၁၁ခုနှစ်က HIV/AIDS ဝေဒနာရှင်ပေါင်း၂၁၀,၀၀၀ခန့် ရှိကြောင်း၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  ၏ လမ်းညွှန်ချက်များနှင့်အညီ ART ဆေးသောက်သုံးရန်လိုအပ်နေသူ HIV ပိုးရှိသူအရေအတွက် ၁၆၀,၀၀၀၀န်းကျင်ခန့် ရှိကြောင်း MSF ခေါ်နယ်စည်းမထားဆရာဝန်များအဖွဲ့ (Medecins Sans Frontieres) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ART ဆေးဝါးလိုအပ်ချက်များကိုနှစ်ရှည်လများထောက်ပံ့လာခဲ့သည့် MSF ကဆေးဝါးထောက်ပံ့နေသူပေါင်းရန်ကုန်မြို့တစ်မြို့စာအတွက်ယခုနှစ်အတွင်း၁၇,၀၀၀၀န်းကျင်ရှိပြီး ART ဆေးမသောက်သုံးရသေးသည့် လူနာပေါင်း ၅၀၀ကျော်ခန့် ရှိကြောင်းသိရသည်။

ယခုတိုင်းနဲ့ပြည်နဲ့တိုင်းရှိအစိုးရဆေးရုံအများစုတွင် ART/ARV ဆေးထုတ်ယူနိုင်ပြီဖြစ်ကြောင်း MSF မှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာစိုးရတနာက ပြောသည်။

ဒီဇင်ဘာလ၁ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းတွင်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ကို ကျင်းပကြသော်လည်း၊ ထိုရောဂါနှင့်ပတ်သက်၍ အဖွဲ့အစည်းများအနေဖြင့် ပညာပေးအစီအစဉ်များ ပြုလုပ်နေသော်လည်း ယနေ့အချိန်ထိ လူ့ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုများရှိနေဆဲဖြစ်သည်။ HIV ပိုးရှိသူသည် အလိုလို လူရာမဝင်ဆန့်ဖြစ်နေဆဲဖြစ်သည်။

နှစ်ပေါင်းများစွာကြာအောင်ပင် စီမံခန့်ခွဲမှုအလွဲများကြောင့် ဆိုးရွားခဲ့ရသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်လုံးကိုသာ ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲအ သိမှားယွင်းခြင်းနှင့် ရှေးရိုးစွဲ အယူအဆများ ကျန်ရှိသေးခြင်းတို့ကြောင့် ဖြစ်လာသည့်ရောဂါသည်များအပေါ် ခွဲခြားဆက်ဆံလိုသည့်စိတ်များကိုပါ တိုက်ဖျက်ရမည့် တာဝန်ကြီးတစ်ရပ်က အစိုးရအတွက်မည်မျှကြီးမားလှသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင်နေထိုင်သည့်အသက်၄၈နှစ်အရွယ်ဒေါ်စိန်မြင့်တို့သားအမိနှစ်ဦးလည်း HIV ရောဂါဖြစ်ပွားနေသည်ကို သိရှိချိန်မှစတင်၍ ပတ်ဝန်းကျင်၏ ပစ်ပယ်ခြင်းဒဏ်ကိုခံခဲ့ရသည်။

“ဒီရောဂါဖြစ်တဲ့အချိန်ကစပြီး ရွာထဲကဘယ်အိမ်ကမှ နေ့စားလုပ်ဖို့မခေါ်တော့ဘူး”ဟု ဒေါ်စိန်မြင့်ကပြောသည်။

ရောဂါဖြစ်ပွားနေသည်မှာ သုံးနှစ်ဝန်းကျင်ခန့်ရှိပြီး သားအမိနှစ်ဦးအနေဖြင့် မိမိခြံထဲတွင်သာ သီးနှံပင်များကို စိုက်ပျိုးစားသောက်နေရကြောင်းရှင်းပြသည်။

“အလုပ်မရှိတော့ပိုက်ဆံမရှိဘူးလေ။ တစ်ခါတလေ စားရေးသောက်ရေး အရမ်းအခက်အခဲဖြစ်တာပဲ”ဟု ၎င်းကပြောသည်။

၎င်း၏အသက်ငါးနှစ်အရွယ်သားဖြစ်သူ မောင်လင်းသူမှာလည်း ရောဂါပိုးကူးစက်ခံထားရပြီး ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ဒေါ်ချိုကဲ့သို့ပင် ဒေါ်စိန်မြင့်သည်လည်း အမျိုးသားသေဆုံးပြီးနောက်ပိုင်းမှ ရောဂါပိုးကူးစက်ခံထားရမှန်း သိရှိခဲ့သည်။ သားအမိနှစ်ယောက်စလုံး ကိုယ်ခံအားကျဆင်းသည့် လက္ခဏာများ ဆက်တိုက်တွေ့လာပြီး ကျန်းမာရေးချူခြာလာခြင်းကြောင့် မိတ်ဆွေတစ်ဦးက HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းများ လုပ်နေသည့် နိုင်ငံတကာအဖွဲ့အစည်း တစ်ခု သို့ ခေါ်ဆောင်ပေးသွားခြင်းကြောင့် ယင်းရောဂါဖြစ်ပွားသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။

သားဖြစ်သူမှာ ရောဂါဖြစ်ပွားနေခြင်းကြောင့် ဆေးသောက်ရကြောင်းကိုသာ သိရှိကာ ယင်းရောဂါ၏ အဓိပ္ပါယ်ကိုတိတိကျကျ မသိရှိသေးဟု ဒေါ်စိန်မြင့်ကပြောသည်။

“ကျွန်မဘယ်သွားသွား သားကိုခေါ်သွားရတယ်။ ဘာကြောင့်လဲဆိုတော့ သားကကိုယ့်ဘာသာသတိထားပြီး ဆေးကိုမသောက်တတ်သေးဘူးလေ။ အချိန်တွေမှားသောက်မိရင် ရောဂါတိုးမှာ ကိုစိတ်ပူတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးရော ကလေးကျန်းမာရေးကိုပါ စောင့်ရှောက်နေရပါတယ်”ဟု၎င်းကပြောသည်။

“ရောဂါမပြင်းထန်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုဖြစ်ရင် ကျွန်မတို့သားအမိနှစ်ယောက်ကို စောင့်ရှောက်မယ့်သူမရှိဘူး”ဟု ၎င်းကဖြည့်စွက်ပြောသည်။

“သူငယ်ချင်းတွေက သူတို့ကစားရင် သားကိုမပါခိုင်းဘူး။ သားပါမယ်ဆိုရင် ဆက်မကစားကြတော့ဘူး”ဟု ယခုသူငယ်တန်းတက်ရောက်နေပြီဖြစ်သည့် မောင်လင်းသူက လက်ထဲတွင်ကိုင် ထားသည့် ပေါင်မုန့်အလွတ်ကို စားရင်းပြောသည်။

ရွာတွင်အလှူပွဲများပြုလုပ်ပါကလည်း အခြားသူများမှာ မိမိတို့သားအမိနှင့် တစ်ဝိုင်းတည်းထိုင်ကာ မစားသောက်ကြောင်း၊ ၎င်းတို့သားအမိလာပါက ထထွက်သွားကြကြောင်းဒေါ်စိန်မြင့်ကပြောပြသည်။
 
HIV/AIDS ပိုးရှိသူရောဂါရှင်များအပေါ် ခွဲခြားဆက်ဆံကြခြင်းမှာ မိသားစုဝင်များက ငွေကြေးမပြည့်စုံခြင်း၊ အိမ်တွင်လူနာကို စောင့်ရှောက်မည့် လူပိုမရှိခြင်း၊ HIV/AIDS ရောဂါနှင့်ပတ်သက်၍ ဗဟုသုတမကြွယ်ဝခြင်း စသည့်အချက်များကြောင့် ဖြစ်ကြောင်း MSF မှ ဒေါက်တာစိုးရတနာကပြောသည်။

“လူနာကပုံမှန်နေကောင်းနေရင် ပြဿနာမရှိဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်မှ လူနာကိုစောင့်ရှောက်တဲ့သူက ဆုံးပါးသွားတယ်ဆိုရင် အခြားလူတွေက မစောင့်ရှောက် ချင်တော့တာ တွေ့ ရတာများတယ်”ဟုပြောပြသည်။

ART ဆေးဝါးရရှိမှုအပိုင်းတွင်ယခင်ကထက်ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်သော်လည်းရောဂါကုသမှုပေးရာတွင် ဝန်ထမ်းအင်အား၊ အထူးသဖြင့် ဆရာဝန်အင်အား မလုံလောက်မှုကြောင့် အခက်ကြုံနေရဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

“ဝန်ထမ်းအင်အားနဲ့ လူနာနဲ့ မမျှတဲ့အခါကျတော့ ဆေးခန်းပြတဲ့ရက်ဆို အချိန်တစ်နေကုန်ပေးရတာမျိုးတွေဖြစ်တတ်တယ်။ ဆရာဝန်အင်အား နည်းတဲ့အခါကျတော့ လူနာတွေက သူတို့ရောဂါအခြေအနေကို အသေးစိတ်ပြောပြလို့မရဘူး။ ဆရာဝန်ကလည်း လူနာတွေက အရမ်းများတော့ တစ်ယောက်ချင်းကို သေသေချာချာဂရုမစိုက်နိုင်ဘူး။

“HIV လူနာကအမြဲလိုလို အားငယ်နေတတ်တယ်။ ဒါကြောင့်သူတို့ကို အားပေးနှစ်သိမ့်ပေးမယ့် ဆရာဝန်အင်အားနဲ့ သူနာပြုအင်အားက အလုံအလောက်ရှိဖို့လိုတယ်။ ဒီလိုရှိမှလည်း လူနာတစ်ဦးချင်းဆီရဲ့လိုအပ်ချက်တွေကို အားပေးနှစ်သိမ့်နိုင်မှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ ဒေါ်ချိုသည်ကျန်းမာရေးကို ယခင်ထက်ပိုမိုဂရုစိုက်ပြီး အစားအသောက်အနေအထိုင်တို့ကိုဂရုစိုက်ကာ ART ဆေးကိုလည်း ပုံမှန်သောက်သုံးလျက်ရှိသည်။

သို့သော်လည်းရောဂါရှိလျက်နှင့် ၎င်းကို၎င်း၏ သမီးနှင့်ညီအစ်ကိုမောင်နှမများက တဖန်ပြန်လက်ခံပါမလားဟူ၍ မျှော်လင့်ချင်သည့် အရိပ်အယောင်ကိုမတွေ့ရပါ။

“ကျွန်မဒီရောဂါဖြစ်နေတော့ သမီးက သူအိမ်ထောင်ပြုရင်ခင်ပွန်းသည်က အပြစ်တခုအနေနဲ့ပြောဆိုမှာကို ကြောက်နေတယ်။ ဒါကြောင့် ကျွန်မဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို ဒီဂေဟာမှာပဲ ကုန်ဆုံးတော့မယ်”ဟုဒေါ်ချိုကပြောသည်။

(ယခုဆောင်းပါးအတွက်တွေ့ဆုံမေးမြန်းထားသူရောဂါပိုးရှိများ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ၎င်းတို့အားလုံး၏ အမည်ရင်းအစား တခြားနာမည်များဖြင့် လွှဲပြောင်းဖော်ပြထားပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags