အချောသတ်နိုင်ငံရေးမူဘောင် ဒီဇင်ဘာ ဒုတိယအပတ်တွင် သမ္မတထံသို့ပို့မည်

အချောသတ်နိုင်ငံရေးမူဘောင် ဒီဇင်ဘာ ဒုတိယအပတ်တွင် သမ္မတထံသို့ပို့မည်
ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များတွေဆုံပွဲကို ရန်ကုန်မြို့ တိုင်းလွှတ်တော်တွင် နိုဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်နေစဉ်။ ( ဓာတ်ပုံ - မဇ္စျိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။         ။ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဆွေးနွေးနိုင်ရေး UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီက ရေးဆွဲပြီးသည့် အချောသတ်နိုင်ငံရေးမူဘောင်ကို ဒီဇင်ဘာ ဒုတိယအပတ်တွင် သမ္မတဦးသိန်းစိန်ထံပေးပို့မည် ဟု UPDJC ဒု-ဥက္ကဌ ဦးသုဝေက ဒီဇင်ဘာ ၁ရက်တွင် မဇ္ဈိမကိုပြောသည်။

"နက်ဖြန်ဆိုရင် မူကြမ်းကိုအချောသတ်ပြီ။ ဒီဇင်ဘာ ၁၃ရက်နဲ့ ၁၄ရက်မှာ သမ္မတကိုတွေ့ပြီးပေးမယ်။ သမ္မတက ဘယ်နေ့စမယ်ဆိုတဲ့အကြောင်းပြန်တာနဲ့ နိုင်ငံရေးဆွေးနွေးပွဲစနိုင်ပြီ၊ ပျမ်းမျှတော့ နိုင်ငံရေးဆွေးနွေးပွဲကို အင်အား ၅၀၀နဲ့စမယ်။ အခုမူဘောင်က နိုင်ငံရေးဆွေးနွေးနိုင်ဖို့အစပြုပေးထားတာ၊ ဘာကိုမှအတင်း လုပ်မထားဘူး" ဟု ၎င်းကဆိုသည်။

နိုင်ငံရေးမူဘောင်မူကြမ်းကို နိုဝင်ဘာ ၃၀ရက်တွင် မြန်မာ့ငြိမ်းချမ်းရေး၊ ပြည်လည်ထူထောင်ရေးဗဟိုဌာန၌ အပြီးသတ်ရေးစွဲခဲ့ပြီး ယနေ့ဒီဇင်ဘာ ၁ရက်တွင် အချောသတ် ပြန်လည်စိစစ်ကာ၊ ဒီဇင်ဘာ ၂ရက်နေ့တွင် လုံးဝအချောသတ်ပြီးစီမည်ဟုလည်းဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီတို့အပြင် အပစ်ရပ်လက်မှတ် မရေးထိုးနိုင်သေးသည့် လက်နက်ကိုင်အဖွဲ့များ၊ ပညာရှင်များစုစုပေါင်း ပျမ်းမျှအင်အား ၅၀၀ဖြင့်စတင် ပြုလုပ်ရန် မူဘောင်အတွင်းရေးသားထားသည်။

နိုင်ငံရေးမူဘောင်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊လုံခြုံရေး နှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဟူ၍ အဓိကခေါင်းစဉ်များထည့်သွင်းထားပြီး ယင်းအောက်တွင် ခေါင်းစဉ်ခွဲများထည့်သွင်းရေးသားထားသည် ဟုလည်း ဦးသုဝေကပြောသည်။

"အခုမူဘောင်က အရမ်းအသေးစိတ်မဟုတ်ဘူး။ အစိုးရကလည်း အပြောင်းအလဲဖြစ်တော့မှာဆိုတော့ နောက်အစိုးရတက်လာရင်လည်း ပြုပြင်ကောင်းပြုပြင်နိုင်မယ် အဲဒီအတွက် သူတို့ဆက်လက်လုပ်နိုင်အောင် လို့အားလုံးအဆင်ပြေမယ့်အရာတွေကို ရေးထည့်ထားတယ်။" ဟု ၎င်းကဆိုသည်။

နိုင်ငံရေးမူဘောင်ကို UPDJC အဖွဲ့ဝင်များမှ ၂၄ဦးတို့က နိုဝင်ဘာ ၂၇ရက်တွင်စတင်ရေးစွဲခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးမူဘောင်တစ်ခုကို ရေးစွဲပြီးစီးရန်လိုအပ်ပြီး ရက်ပေါင်း၉၀ အတွင်းနိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက် အပစ်ရပ် စာချုပ်တွင်ထည့်သွင်း ထားသည်။

ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ကရင်အမျိုးအသားအစးည်းအရုံး KNU ၊ ရခိုင် လွတ်မြောက်ရေးပါတီ ALP၊ တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့က အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို နေပြည်တော်တွင်ရေးထိုးထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags