ထိုင်းနိုင်ငံထုတ် နယူးယောက်တိုင်းမ်သတင်းစာ ကွက်လပ်များဖြင့် ထွက်ရှိလာ

ထိုင်းနိုင်ငံထုတ် နယူးယောက်တိုင်းမ်သတင်းစာ ကွက်လပ်များဖြင့် ထွက်ရှိလာ

ဘန်ကောက်၊ ဒီဇင်ဘာ - ၁ ။             ။ ဒီဇင်ဘာ ၁ရက်နေ့တွင် နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ထိုင်းနိုင်ငံအခြေစိုက် ပုံနှိပ်စက်က ဘုရင့်နိုင်ငံ၏ အသက်ငင်နေသည့် စီးပွားရေးအခြေအနေ အကြောင်း ဆောင်းပါးတစ်ပုဒ်ကို ဖယ်ရှားလိုက်သောကြောင့် အဖုံးရော အတွင်းတွင်ပါ စာမပါသည့် ကွက်လပ်များနှင့် ထွက်ရှိလာခဲ့သည်ဟု ဆိုသည်။

ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မီဒီယာလွတ်လပ်ခွင့်ကို တရစ်ပြီးတစ်ရစ် တင်းကျပ်ကန့်သတ်လာခဲ့ရာ ထိုင်းနိုင်ငံတွင် ပြည်တွင်းပုံနှိပ်စက်က ဆောင်းပါးတစ်ပုဒ်ကို ထည့်ရိုက်ရန် ငြင်းဆန်ကြောင်း နယူးယောက်တိုင်းသတင်းစာကြီးက ကြေညာသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

အင်္ဂါနေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာတွင် လေးလံထိုင်းမှိုင်းနေသည့် စီးပွားရေးကို တွန်းအားပေးမြှင့်တင်ရန် စစ်အစိုးရ၏ အစွမ်းမဲ့နေမှုနှင့် သာမန်ပြည်သူများ၏ စိတ်ပျက်မှုများအကြောင်း ကိုလေ့လာသုံးသပ်ထားသည့် ‘ထိုင်းစီးပွားရေးနှင့် စိတ်ဓာတ်များ ထိုးဆင်းလျှက်ရှိ’’ဟူသည့် သတင်းဆောင်းပါးတစ်ပုဒ်ကို ထည့်သွင်းထားသည်။ ထိုဆောင်းပါးမှာ သက်ဦးစံပိုင် ဘုရင်စနစ်ကိုလည်း တို့ထိထားသည်။

ရှေ့မျက်နှာဖုံး၏ အစိတ်အပိုင်းအတော်များများနှင့် စာမျက်နှာ၆ တစ်မျက်နှာလုံးကို ကွက်လပ်ထားပြီး ‘ ဤကွက်လပ်တွင် ရှိရမည့်ဆောင်းပါးကို ထိုင်းနိုင်ငံတွင်ရှိသည့် ကျွန်ုပ်တို့၏ ပုံနှိပ်စက်က ဖယ်ရှားပစ်လိုက်သည်။ ယင်းသို့ဖယ်ရှားရာတွင် နယူးယောက်တိုင်းမ် အယ်ဒီတာအဖွဲ့၏ ပယောဂမပါ’’ဟူသော ဝါကျကို ရေးသားထားသည်။ သတင်းစာ၏ ပြောခွင့်ရ အမျိုးသမီးကို အေအက်ဖ်ပီ ကမေးမြန်းသည့် အခါတွင်လည်း အလားတူ မှတ်ချက်ကိုသာ တုန့်ပြန်ဖြေကြားသည်ဟု ဆိုသည်။

သတင်းစာ၏ ထိုင်းပုံနှိပ်စက်ဖြစ်သည့် Eastern Printing Plcကို အေအက်ဖ်ပီက မေးမြန်းသည့်အခါတွင်လည်း ဆောင်းပါးကို ဘာ့ကြောင့်ဖယ်ထုတ်ထားခဲ့ရသည်ကို ရှင်းလင်းပြောကြားခြင်းမရှိခဲ့ဟု ဆိုသည်။

စက်တက်ဘာ ၂၂ရက်နေ့ကလည်း ဘုရင်မင်းမြတ်အကြောင်း အသေးစိတ်ရေးသားထားသည့် မျက်နှာဖုံးဆောင်းပါး ပါဝင်သောကြောင့် သတင်းစာတစ်စောင်လုံးကို ပုံမနှိပ်ရန်  Eastern Printing က ဆုံးဖြတ်ခဲ့ဖူးသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကို ကမ္ဘာ့အတင်းကျပ်ဆုံးဥပဒေများဖြင့် အကာအကွယ်ပေးထားရာ ယမန်နှစ်မေလက စစ်အစိုးရက အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ဘုရင်ကိုစော်ကားမှုဖြင့် တရားစွဲမှုများ ရုတ်တရက်ဆိုသလို ထိုးတက်မြင့်မားလာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required