သမရိုးကျစွမ်းအင်ကို အဆုံးသတ်ရေး ချမ်းသာသည့်နိုင်ငံများက ဖိအားမပေးသင့်ဟု မိုဒီပြော

သမရိုးကျစွမ်းအင်ကို အဆုံးသတ်ရေး ချမ်းသာသည့်နိုင်ငံများက ဖိအားမပေးသင့်ဟု မိုဒီပြော

ပါရီ၊ ဒီဇင်ဘာ - ၁ ။          ။ ချမ်းသာသည့်နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲကမ္ဘာအား ရုပ်ကြွင်းလောင်စာကို လုံး၀ စွန့်လွှတ်ကျောခိုင်းရန် အတင်းအကျပ် ဖိအားမပေးသင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက နိုဝင်ဘာလ ၃၀ ရက်နေ့က ပါရီတွင် ကျင်းပသွားခဲ့သည့် ရာသီဥတုညီလာခံတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှာ ၎င်း၏ လျင်မြန်လှသော စီးပွားရေးဖွံ့ဖြိုးမှုကို စွမ်းအင်ပေးရန် ကျောက်မီးသွေးကို ဆက်လက်လိုအပ်နေဦးမည်ဖြစ်ကြောင်း စောဒကတက်ခဲ့သည့် မိုဒီက ‘ကျနော်တို့ သမရိုးကျစွမ်းအင်ကို လိုအပ်နေပါသေးတယ်။ ကျနော်တို့ သမရိုးကျစွမ်းအင်ကိုပဲ သန့်ရှင်းအောင် လုပ်ဖို့ လိုအပ်ပေမယ့် မသုံးနဲ့လို့ အတင်းအကျပ် ရပ်ခိုင်းလို့တော့ မရပါဘူး’’ဟု ပြောကြားခဲ့သည်။

အိန္ဒိယလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လျှပ်စစ်ဓာတ်ကို အကန့်အသတ်ဖြင့်သာ လက်လှမ်းမှီသေးသည့် ဆင်းရဲမွဲတေသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ရာ ဈေးသက်သက် သာသာဖြင့် ပေါပေါများများ ရနိုင်သည့် ကျောက်မီးသွေးဘက်သို့ ခြေဦးမလှည့်ပါက ဆင်းရဲသားလူထုကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းနည်းပါးသည်ဟု အစိုးရက ယူဆနေသည်။

ဆင်းရဲသည့်နိုင်ငံများတွင် ကာဗွန်ထုတ်လွှတ်မှုကို ကန့်သတ်ခြင်းနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးစေခြင်းနှစ်ခု ဟန်ချက်ညီရေးမှာ ပါရီ ရာသီဥတုညီလာခံတွင် အဓိကဆွေးနွေးစရာကိစ္စ ဖြစ်နေခဲ့သည်။

 ‘အဆင့်မြင့်နိုင်ငံကြီးတွေက ရည်မှန်းချက်ကြီးကြီးထားပြီး ရိုးရိုးသားသား အကောင်အထည်ဖော်ကြပါလိမ့်မယ်။ ဒါဟာ သမိုင်းရေးတာဝန်သိမှု တစ်ရပ်မျှသာမဟုတ်ပါဘူး။ သူတို့မှာ ဖြတ်တောက်လျှော့ ချဖို့ အခွင့်အလမ်းသာတော့ ကြီးမားတဲ့ သက်ရောက်မှုတွေလည်း လုပ်နိုင်ပါတယ်’’ဟု မိုဒီကို ကမ္ဘာ့ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

‘ကြွယ်ဝတဲနိုင်ငံတွေမှာ ခိုင်မာအားကောင်း ကာဗွန်အခွန်စနစ်တွေ ရှိထားပြီဖြစ်ပေမယ့်လည်း ဖွံ့ဖြိုးမှုလှေကားရဲ့ အောက်ဆုံးအထစ်နားက နိုင်ငံတွေကတော့ ဖွံ့ဖြိုးကြီးထွားဖို့ လှုပ်သာရှားသာ အခြေအနေလိုအပ်နေတုန်းပါပဲ’’ဟု မိုဒီက ပြောကြားခဲ့သည်။

‘သန့်ရှင်းတဲ့စွမ်းအင်ကို ဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံအားလုံးက လက်လှမ်းမီသုံးစွဲလာနိုင်အောင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက လုပ်ပေးရမယ့်တာဝန်ရှိပါတယ်’’ဟုလည်း မိုဒီက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required