၆ နှစ်ဗီဇာပြည့်ပြီးသည့် ထိုင်းရောက် မြန်မာလုပ်သားများကို နေရပ်မပြန်ဘဲ ဗီဇာတိုးပေးရန် MWRN တောင်းဆို

၆ နှစ်ဗီဇာပြည့်ပြီးသည့် ထိုင်းရောက် မြန်မာလုပ်သားများကို နေရပ်မပြန်ဘဲ ဗီဇာတိုးပေးရန် MWRN တောင်းဆို
(ဓာတ်ပုံ-ကိုစိုင်း)

ချင်းမိုင်၊ ဒီဇင်ဘာ ၁ ။           ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ၆ နှစ်ဗီဇာပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်မပြန်ဘဲ ဗီဇာတိုးပေးရန် မြန်မာနှင့် ထိုင်းအစိုးရကို ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)က ဒီဇင်ဘာလ ၁ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနှင့် ထိုင်းအစိုးရတို့သဘောတူညီမှုဖြင့် ၂၀၀၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ၆ နှစ် ဗီဇာပြည့်ပြီးသော MOU အလုပ်သမားများအတွက် မြန်မာပြည်သို့ မပြန်စေဘဲ နယ်စပ် သို့မဟုတ် ထိုင်းနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း၊ ဇီဇာတိုးပေးခြင်းတို့ကို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မူလက ဗီဇာ ၄ နှစ် သက်တမ်း နေထိုင်ခွင့်ရရှိခဲ့ရာမှ အလုပ်သမားအရေး လှုပ်ရှားသူများ၏ တောင်းဆိုမှုဖြင့် ထိုင်းအစိုးရက ၂ နှစ်ဗီဇာ ထပ်မံတိုးပေးခဲ့သဖြင့် စုစုပေါင်း ၆ နှစ်ဗီဇာသက်တမ်း နေထိုင်ခွင့် ရရှိခဲ့သည်။

လက်ရှိ ၆ နှစ်ဇာပြည့်ပြီးသူ MOU အလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ်များကို စွန့်ပစ်၍ မကြာမီ ထုတ်ပေးမည့် ပန်းရောင်ဘတ်ကဒ်များ ပြောင်းကိုင်ရန် စောင့်စားနေသူများလည်း ရောက်ရှိနေပြီ ဖြစ်၍ ထိုင်းနှင့် မြန်မာအစိုးရတို့အား တောင်းဆိုခြင်း ဖြစ်သည်ဟု MWRN ၏ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။

“ထိုင်းနိုင်ငံကလည်း မြန်မာလုပ်သားတွေကို စွန့်လွှတ်လို့ မရသေးတဲ့အချိန်၊ ဒီလုပ်သားတွေရဲ့ဘဝ တရားဝင် ရပ်တည်နိုင်ရေးအတွက် တရားဝင်ဖြစ်ရေးကို လုပ်ပေးရမှာ ထိုင်းအစိုးရဖြစ်တယ်။ ဒါကို ထိုင်းအစိုးရက စိတ်ဝင်စားလာအောင် အဓိက တိုက်တွန်းပေးရမှာက မြန်မာအစိုးရဖြစ်လု့ိ ကျနော်တို့တင်ပြလိုက်တာ ဖြစ်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၆ နှစ်ဗီဇာပြည်သူများအနေဖြင့် ပန်းရောင်ဘတ်ကဒ်သို့ ပြောင်းလဲကိုင်ဆောင်ပါက မူလက ခံစား ရရှိထားသော လူမှုဖူလုံရေး၊ နစ်နာကြေး စသော အခွင့်အရေးများ ဆုံးရှုံးမည် ဖြစ်သလို၊ နိုင်ငံသား စိစစ်မှု စနစ်သို့ ထပ်မံ ဝင်ရောက်ခြင်း၊ မလိုအပ်သော အငွေကြေးများ ကုန်ကျမှုများ ကြုံတွေ့မည် ဖြစ်ကြောင်း သိရသည်။

“တရားဝင် ယာယီနိုင်ငံကူးလက်မှတ်နဲ့ နေနေတဲ့ အလုပ်သမားတဦးက သူရပိုင်ခွင့် ထိုင်းနိုင်ငံသားတွေနဲ့တန်းတူ ရပိုင်ခွင့် လူမှုဖူလုံရေးမှာ ငွေကြေးတွေ ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် သူတို့ထည်ထားတဲ့ ငွေကြေးတွေ နစ်နာ ဆုံးရှုံးသွားမှာ ဖြစ်သလို၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ကျန်းမာရေးအခမဲ့ရနိုင်တယ်ဆိုတဲ့ ကိစ္စတွေလည်း ဆုံးရှုံးသွားမှာဖြစ်တယ်။ လုပ်သက်က အသစ်က ပြန်စမယ်ဆိုရင် သူတို့ဘဝအတွက်အများကြီး နစ်နာသွားနိုင်တယ်”ဟု ဦးအောင်ကျော်က ပြောသည

ထို့ပြင် လက်ရှိ ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူများကိုလည်း နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံရေးစီစစ်ခြင်းများ ပြုလုပ်ရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

၂၀၁၄ ခုနှစ်မှစတင်၍ ထိုင်းအစိုးရက ပန်းရောင်ဘတ်ကဒ်မှ ယာယီနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲ လုပ်ဆောင်ပေးရန် သဘောတူညီမှု ရရှိထားသော်လည်း ယခုထိ အကောင်အထည်ဖော်ခြင်း မရှိခြင်း အပေါ် လက်တွေ့ အကောင်အထည်ဖော်ရန် တောင်းဆိုလိုကြောင်း ဦးအောင်ကျော်က ဆက်လက် ပြောဆိုသည်။

“ထိုင်းစစ်တပ်က တက်လာပြီး ထိုင်းနိုင်ငံမှာ တရားဝင် ပန်းရောင် ကဒ်ထုတ်ပေးတယ်။ အဲဒါကို အမြန်ဆုံး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ၂၀၁၄ မှာလည်း မလုပ်ပေးဘူး။ ၂၀၁၆ မတ်လ ၃၀ ရက်မှာ သက်တမ်းကုန်ပြန်ပြီ။ အစိုးရက နုတ်အားဖြင့် ပြောသော်လည်း လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ အင်မတန်မှာ နှေးကွေးနေတဲ့အကြောင်းကို အဓိက တင်ပြတာ ဖြစ်ပါတယ်။ ဒါတွေလည်း မီးမောင်းထိုးပေးတာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ယင်းတို့လုပ်ဆောင်ရာတွင် အစိုးရ သတ်မှတ်ထားသော ဈေးနှုန်းများထက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများ မရှိစေရေးအတွက် ပွင့်လင်းမြင်သာမှုရှိသော လုပ်ငန်းစဉ်များကို ချမှတ် ဆောင်ရွက်ပေးရန်နှင့် ခေါင်းပုံဖြတ်သူ ပွဲစားများကို တိကျသေချာစွာ အရေးယူမှုပြုလုပ်ပေးရန် တောင်းဆိုထားသည်။

MWRN အဖွဲ့သည် ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်(မဟာချိုင်)တွင် အခြေစိုက်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး၊ ပညာရေး၊ လူမှုရေးရာများအတွက် ၂၀၀၉ ခုနှစ်မှ စတင်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် မြန်မာနှင့် ထိုင်းအစိုးရ အဖွဲ့အစည်းများ၊ ပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိရာမှ မြန်မာနှင့် ထိုင်းအစိုးရတို့ သဘောတူညီချက်အရ နိုင်ငံသားစိစစ်၍ ယာယီနိုင်ငံကူးလက်မှတ်ထိုပေးထားသူ ဦးရေ ၁.၇ သန်းခန့်ရှိသလို၊ MOU စနစ်ဖြင့် လုပ်ကိုင်သူ ၂ သိန်းခန့်နှင့် ထိုင်းအစိုးရမှ ပန်းရောင်ဘတ်ကဒ် ထုတ်ပေးထားသူ ဦးရေ ၅ သိန်းခန့် စုစုပေါင်း ၂.၄ သန်းခန့် ပါဝင်သည်ဟု MWRN က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required