နိုင်ငံခြားဧည့်သည် အဝင်များလာသည့် ရခိုင်တွင် ဟိုတယ်လိုအပ်ချက်ရှိနေဟုဆို

နိုင်ငံခြားဧည့်သည် အဝင်များလာသည့် ရခိုင်တွင် ဟိုတယ်လိုအပ်ချက်ရှိနေဟုဆို

စစ်တွေ၊ ဒီဇင်ဘာ ၁ရက် ။          ။ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ  စတင်ဝင်ရောက်လျက်ရှိရာ လာမည့်ဘတ်ဂျတ်နှစ်များတွင် စစ်တွေမြို့ပေါ်ရှိ ဟိုတည်အခန်းများ တိုးချဲ့တည်ဆောက်ရန် လိုအပ်ကြောင်း ပြည်နယ်ဟိုတည်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနရုံးမှသိရသည်။

အဆိုပါ ခရီးသွားများမှာ ရခိုင်ပြည်နယ်အတွင်း အထင်ကရဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦး၊ ငပလီကမ်းခြေ စသည့် ဒေသများသို့ အများဆုံလာရောက်လည်ပတ်ကြပြီး တချို့နိုင်ငံခြားသားများမှာ စီးပွားရေးလုပ်ငန်းများနှင့် NGO အဖွဲ့အစည်းများမှ အများဆုံးပါဝင်ကာ တစ်နေ့လျှင်အနည်းဆုံး နိုင်ငံခြားသား ၄၅ ဦးခန့် ပျဉ်းမျှဝင်ရောက်လျှက်ရှိကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

“မြောက်ဦးကိုသွားမယ့် ခရီးတွေဟာ စစ်တွေကနေတစ်ဆင့် သွားရတဲ့အတွက် စစ်တွေမှာ နောင်နှစ်တွေဆိုရင် ဟိုတယ်အခန်း ၅၀၀ ရောက်ခန့်လောက်ကို လိုလာမယ်။ အခုက စစ်တွေမှာ ဟိုတည်အခန်းစုစုပေါင်း ၁၇၂ ခန်းလောက်ပဲရှိတယ်။ စစ်တွေမြို့အနေနဲ့ကတော့ NGO တွေရှိမယ်၊ နောက်စီးပွားရေးလုပ်ငန်းအတွက် လာရောက်တဲ့သူတွေရှိမယ်။”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင်းသို့ အများဆုံးဝင်ရောက်ကြသည့် နိုင်ငံခြားခရီးသည်များ အမေရိကန်၊ ဂျာမနီ၊ဆွီဒင်နှင့် အီတလီနိုင်ငံများမှဖြစ်ပြီး အာရှနိုင်ငံများ ထိုင်း၊ သီရိလင်္ကာနှင့် ကိုးရီးယားခရီးသည်များမှာ အများဆုံးဖြစ်ကြောင်းသိလည်း သိရသည်။

“ကျွန်တော်တို့ဆီမှာ အနည်းဆုံးခန်းမှန်ခြေက လစဉ်ခရီးသည် ၄၀၀ ဝန်းကျင်ဝင်တယ်။ Tour (ခရီးသွား) ရာသီဆိုလို့ရှိရင်တော့ ပြီးခဲ့နှစ်ကဆိုရင် အမြင့်ဆုံး ထောင့်ခြောက်ရာလောက်ကိုဝင်တယ်” ဟုလည်း ဦးဝင်းမြင့်ကပြောသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ထွက်မှုမှာ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာသော်လည်း ၂၀၁၂ ခုနှစ်အရေးခင်းနောက်ပိုင်းတွင် ခရီးသည် ဝင်ထွက်မှု လျော့ကျခဲ့ကာ ၂၀၁၂ ခုနှစ် နိုင်ငံခြားခရီးသည်စုစုပေါင်း ၄၉၀၂ ဦးခန့် ဝင်ရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ၇၉၀၅ ဦး နှင့် ၂၀၁၅ ဧပြီလမှ ၂၀၁၆ မတ်လအထိ နိုင်ငံခြားသား ၅၆၆၃ ဦးအထိဝင်ရောက်လျက်ရှိကြောင်းနှင့် ခရီးသွားအများစုမှာ မြောက်ဦးမြို့အပါဝင် ချင်းတိုင်းရင်းသားများနှင့် ဥယျာဉ်ခြံမြေများပေါများသည့် လေးမြို့မြစ်ဖျားပိုင်းကိုလည်း ပိုမိုစိတ်ဝင်စားလာကြကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly