မြန်မာ့ဘောလုံးသမိုင်းထဲက နိုင်ငံခြားသားနည်းပြများ

မြန်မာ့ဘောလုံးသမိုင်းထဲက နိုင်ငံခြားသားနည်းပြများ
ဖိလစ်ပိုင်၊ မနီလာတွင် ကျင်းပခဲ့သည့် ၂၀၁၄ PFF Peace Cup ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းနှင့် ပါလက်စတိုင်းအသင်းတို့ ယှဉ်ပြိုင်စဉ်။ ဓာတ်ပုံ - အီးပီအေ

၁၉၄၇ ခုနှစ်ကတည်းကစတင်ခဲ့တဲ့ မြန်မာ့ ဘောလုံးသမိုင်းမှာ လက်ရွေးစင် ဘောလုံးအသင်းတွေအတွက် နိုင်ငံခြားသား နည်းပြတွေ အများအပြား ခေါ်ယူ အသုံးပြုခဲ့ဖူးပါတယ်။ နိုင်ငံခြားသားနည်းပြတွေထဲမှာ အောင်မြင်မှု ရယူပေးနိုင်ခဲ့တဲ့ နည်းပြတွေရှိသလို ရလဒ်ဆိုးတွေကြောင့် ၅  ပွဲတောင် ကိုင်ခွင့်မရပဲ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြတွေလည်း ရှိပါတယ်။

မြန်မာ့ဘောလုံးလောကအတွက် ငွေခေတ် ဆိုတာကို ဖန်တီးပေးနိုင်ခဲ့တဲ့ ဂျာမနီနည်းပြ မစ္စတာ ဝါနာ၊ တစ်နိုင်ငံလုံးရဲ့ နှလုံးသားတွေကို သိမ်းကျုံးဆွဲငင်နိုင်ခဲ့တဲ့ ၁၉၉၅ ဆီးဂိမ်းအသင်း ပဲ့ကိုင်ရှင် နယ်သာလန်နည်းပြ မစ္စတာဂါးဘလောက်တို့လို နည်းပြတွေကိုလည်း  မြန်မာ့ ဘောလုံးပရိသတ်တွေ ယနေ့အထိ မမေ့ကြသေးပါဘူး။ မြန်မာ့ဘောလုံးသမိုင်းထဲမှာ လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့ဖူးတဲ့ နိုင်ငံခြားသား နည်းပြတွေ စာရင်းထဲက လက်လှမ်းမီသလောက် နည်းပြစာရင်းကို ချကြည့်မိတဲ့အခါ အခုလို တွေ့ရပါတယ်။

ဘရက်ဒ် ထရက်စ်မန်း

(ဂျာမနီ၊ ၁၉၇၂-၇၄)

ဂျာမနီလူမျိုးနည်းပြ ထရက်စ်မန်းဟာ ကစားသမားဘဝမှာ ဂိုးသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်ကလပ် မန်စီးတီးအသင်းမှာ ၁၉၄၉ ခုနှစ်ကနေ ၁၉၆၄ခုနှစ်အထိ ၁၆နှစ်ကြာ ကစားခဲ့သူပါ။

ထရက်စ်မန်းဟာ မြန်မာ့လက်ရွေးစင်အသင်းကို ၁၉၇၂ခုနှစ်ကနေပြီး ၁၉၇၄ခုနှစ်အထိ ၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ၁၉၇၂ ကိုရီးယားသမ္မတဖလား (ပတ်ချုံဟီးဖလား) ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး ဖိလစ်ပိုင်နဲ့ တစ်ဂိုးစီသရေ၊ စင်ကာပူကို ၁-ဝဂိုးနဲ့အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ကိုရီးယားအသင်းကို ၁-ဝ ဂိုးနဲ့ နိုင်ခဲ့တယ်။ ဗိုလ်လုပွဲမှာတော့ အင်ဒိုနီးရှားကို ၃-၁ ဂိုးနဲ့နိုင်ပြီး ချန်ပီယံဆုရခဲ့ပါတယ်။

ထရက်စ်မန်းဟာ မြန်မာအသင်းနဲ့ လမ်းခွဲပြီးနောက် လစ်ဗျား၊ ပါကစ္စတန်၊ တန်ဇန်နီးယား လက်ရွေးစင်အသင်း နည်းပြတွေအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ဇူလိုင် ၁၉ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဂျုကိုဗစ်

(ယူဂိုဆလားဗီးယား၊ ၁၉၉၆-၉၇)

ယူဂိုဆလားဗီးယားနည်းပြ ဂျုကိုဗစ်ကတော့ မြန်မာ့လက်ရွေးစင်အသင်းကို ၁၉၉၆ ခုနှစ်မှာ တာဝန်ယူခဲ့ပါတယ်။ သူ့ကို ၁၉၉၈ အာရှအားကစားပြိုင်ပွဲအတွက် ပစ်မှတ်ထား ပြင်ဆင်စေခဲ့ပေမယ့် တကယ်တမ်းပြိုင်ပွဲနီးချိန်မှာ မြန်မာအသင်းဟာ ဝင်မပြိုင်ပဲ နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီတုန်းက မြန်မာအသင်းဟာ အုပ်စု (င) မှာ ယူအေအီး၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျခဲ့ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ နှစ်သင်းစလုံး နုတ်ထွက်ခဲ့လို့ မြောက်ကိုရီးယားနဲ့ ယူအေအီး နှစ်သင်းပဲ ကစားခဲ့ရပါတယ်။

ဂျုကိုဗစ်ဟာ မြန်မာအသင်းနဲ့အတူ အဓိက ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရခဲ့ဘဲ လမ်းခွဲခဲ့ရသူပါ။ မြန်မာအသင်းနဲ့ လမ်းခွဲပြီးနောက်မှာတော့ လက်ရွေးစင်အသင်းတွေအဖြစ် ရဝမ်ဒါ၊ ဂါနာ၊ တရုတ် ယူ-၂၃၊ ဆားဘီးယားယူ-၂၁၊ ဆီးရီးယား လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်ခဲ့ကာ ၂၀၁၀မှာ ဘောလုံးလောကကအနားယူခဲ့ပါတယ်။

ဒေးဗစ်ဘုသ်

(အင်္ဂလန်၊ ၂၀ဝဝ-၂၀ဝ၃)

အင်္ဂလန်နည်းပြ ဒေးဗစ်ဘုသ်ကိုတော့ မြန်မာပရိသတ်တိုင်း သိကြမှာပါ။ သူဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ မြန်မာယူ-၂၃ အသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ၂၀ဝ၀ တိုက်ဂါးဖလား၊ ၂၀ဝ၂ တိုက်ဂါးဖလား၊ မြန်မာယူ-၂၃ အသင်းနဲ့ ၂၀ဝ၁ ဆီးဂိမ်း၊ ၂၀ဝ၃ ဆီးဂိမ်းပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပါတယ်။

သူဟာ ၁၉၉၀ နောက်ပိုင်း မြန်မာနည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးနဲ့ ပြိုင်ပွဲအများဆုံး ဝင်ပြိုင်ခွင့်ရခဲ့တဲ့ နည်းပြပါ။ မြန်မာ့ လက်ရွေးစင်အသင်းကို ဒေးဗစ်ဘုသ် တာဝန်ယူတဲ့ ပထမဆုံး နိုင်ငံတကာပွဲက ၂၀ဝ၀ တိုက်ဂါးဖလားပြိုင်ပွဲပါ။ မြန်မာအသင်းဟာ အုပ်စုအဆင့်မှာ ဖိလစ်ပိုင်ကို ၃-ဝ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ထိုင်းကို ၃-၁၊ အင်ဒိုနီးရှားကို ၅-ဝ ဂိုးတွေနဲ့ရှုံးပြီး အုပ်စုက ထွက်ခဲ့ရပါတယ်။

၂၀ဝ၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းကိုလည်း ဒေးဗစ်ဘုသ်ပဲတာဝန်ယူခဲ့ပြီး လာအိုကို ၄-၁ဂိုး၊ စင်ကာပူကို ၂-၁ ဂိုးတို့နဲ့ နိုင်ပြီး ကမ္ဘောဒီးယားနဲ့ ဂိုးမရှိသရေ၊ ထိုင်းကို ၃-၁ ဂိုးနဲ့ရှုံးကာ ဆီမီးတက်ခဲ့ပါတယ်။ ဆီမီးမှာတော့ မလေးရှားကို ၁-ဝ ဂိုးနဲ့ရှုံးပြီး တတိယနေရာလုပွဲမှာ အင်ဒိုနီးရှားကို ၁-ဝဂိုးနဲ့နိုင်ခဲ့လို့ ကြေးတံဆိပ်ရခဲ့ပါတယ်။

၂၀ဝ၂ တိုက်ဂါးဖလားမှာတော့ ဒေးဗစ်ဘုသ်ရဲ့မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စုအဆင့်မှာ ဖိလစ်ပိုင်ကို ၆-၁ဂိုး၊ ကမ္ဘောဒီးယား ကို ၅-ဝ ဂိုးတွေနဲ့ နိုင်ခဲ့ပေမယ့် အင်ဒိုနီးရှားနဲ့ ဂိုးမရှိသရေ၊ ဗီယက်နမ်ကို ၄-၂ ဂိုးနဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

၂၀ဝ၃ ဆီးဂိမ်းမှာတော့ မြန်မာယူ-၂၃ အသင်းဟာ အုပ်စုတွင်းမှာ စင်ကာပူကို ၂-ဝ၊ ကမ္ဘောဒီးယားကို ၆-ဝ ဂိုးတွေနဲ့နိုင်ခဲ့ပြီး မလေးရှားကို ၂-၃ ဂိုးနဲ့ရှုံးခဲ့ပေမယ့် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။ ဆီမီးမှာ ထိုင်းကို ၂-ဝ ဂိုးနဲ့ရှုံးခဲ့သလို တတိယနေရာလုပွဲမှာလည်း မလေးရှားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ပါတယ်။

ဒေးဗစ်ဘုသ်ဟာ မြန်မာအသင်းနဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်မှာ လာအိုတိုယိုတာအသင်းနဲ့ လာအိုယူ-၂၃ အသင်းတွေကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေပါတယ်။

အိုင်ဗန်ကိုလက်ဗ်

(ဘူဂေးရီးယား၊ ၂၀ဝ၄-၂၀ဝ၅)

နည်းပြ အိုင်ဗန်ကိုလက်ဗ်လက်ထက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ သမိုင်းဝင် အမည်းစက်ကြီး ဖြစ်ခဲ့ရတဲ့ ၂၀ဝ၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကြီးကို ကစားခဲ့ရပါတယ်။ အိုင်ဗန်ကိုလက်ဗ်ဦးဆောင်ခဲ့တဲ့ မြန်မာအသင်းဟာ ၂၀ဝ၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု အဆင့်မှာ ဖိလစ်ပိုင်ကို ၁-ဝဂိုး၊ မလေးရှားကို ၁-ဝ ဂိုး၊ တီမောကို ၃-၁ ဂိုးနဲ့နိုင်၊ ထိုင်းနဲ့ တစ်ဂိုးစီသရေကျပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းဟာ စင်ကာပူနဲ့တွေ့ပြီ နှစ်ကျော့ ကစားခွင့်ရခဲ့ရာမှာ ပထမအကျော့ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မကျင်းပနိုင်ပဲ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့KLFA ကွင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းသုံးစွဲခဲ့ရပါတယ်။ ပထမအကျော့မှာ စင်ကာပူကို ၄-၃ ဂိုးနဲ့ရှုံးခဲ့ပြီး ဒုတိယအကျော့ကို စင်ကာပူနိုင်ငံမှာ ကစားခဲ့ရပါတယ်။ ဒီပွဲကို မြန်မာပရိသတ် တစ်သောင်းခွဲကျော် တစ်ခဲနက်လာရောက်အားပေးခဲ့ပြီး မြန်မာအသင်းဘက်က ရန်ပိုင်၊ ဇော်လင်းထွန်း၊ မိုးကျော်သူတို့ အထုတ်ခံခဲ့ရကာ စင်ကာပူအသင်းက ၄-၂ ဂိုးနဲ့ထပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျပန်လူမျိုးကွင်းလယ်ဒိုင် ကာမီကာဝါရဲ့ ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားစရာဖြစ်ခဲ့ပြီး နှစ်ဖက်ပရိသတ်အကြားမှလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

အိုင်ဗန်ကိုလက်ဗ်ဟာ နောက်ပိုင်း ရန်ကုန်ယူနိုက်တက်အသင်းမှာ နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာတော့ ဆလိုဗက်ကီးယား ဆိုဖီယာအသင်းကို နည်းပြချုပ်အဖြစ် ဆောင်ရွက်နေပါတယ်။

မားကို့စ်ဖလော်ပါ

(ဘရာဇီး၊ ၂၀ဝ၇-၂၀ဝ၈)

ဘရာဇီးနည်းပြ မားကို့စ်ဖလော်ပါကတော့ မြန်မာနိုင်ငံကို လူငယ်စီမံကိန်းအတွက် ရောက်လာပြီး ၂၀ဝ၇ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။

မြန်မာယူ-၂၃အသင်းဟာ အုပ်စုအဆင့်မှာ ထိုင်းကို ၃-၂ ဂိုးနဲ့ရှုံးခဲ့ပေမယ့် အင်ဒိုနီးရှားနဲ့ ဂိုးမရှိသရေ၊ ကမ္ဘောဒီးယားကို ၆-၂ ဂိုးတွေနဲ့ နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့နိုင်ကာ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ထိုင်းကို ၂-ဝဂိုးနဲ့ ရှုံးပြီး ဒုတိယငွေတံဆိပ်နဲ့ကျေနပ်ခဲ့ရပါတယ်။

၁၉၉၃ ကို မြန်မာ့ဘောလုံး ငွေခေတ်လို့ဆိုရင် ဖလော်ပါရဲ့မြန်မာယူ-၂၃အသင်းက မြန်မာ့ ဘောလုံးသမိုင်းရဲ့ ဒုတိယ ငွေခေတ်လို့ ပြောရမှာပါ။ ဖလော်ပါဟာ မြန်မာအသင်းနဲ့လမ်းခွဲပြီး အီတလီ၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေရဲ့လူငယ် စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒရာဂိုမာမစ်

(ခရိုအေးရှား၊ ၂၀ဝ၉-၂၀၁၀)

ခရိုအေးရှားနည်းပြ ဒရာဂိုမာမစ်ဟာ မြန်မာယူ-၂၃ အသင်းကို ကိုင်တွယ်ပြီး ၂၀ဝ၉ လာအိုဆီးဂိမ်းမှာ ဝင်ပြိုင်ခဲ့ပါတယ်။ မြန်မာယူ-၂၃အသင်းဟာ ပြိုင်ပွဲမှာ လာအိုနဲ့ တစ်ဂိုးစီ သရေ၊ အင်ဒိုနီးရှားကို ၃-၁ ဂိုးနဲ့ နိုင်ခဲ့ပေမယ့် စင်ကာပူကို ၂-၁ ဂိုးနဲ့ရှုံးပြီး အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။

ဒရာဂိုမာမစ်နဲ့ ဘောလုံးအဖွဲ့ချုပ်တို့ဟာ လာအိုဆီးဂိမ်းပြီးတာနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိမှာ မော်လ်ဒိုက် လက်ရွေးစင်နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

မီလန်ဇီဗာဒီနိုဗစ်

(ဆားဘီးယား၊ ၂၀၁၁)

ဆားဘီးယားနိုင်ငံသားနည်းပြ ဇီဗာဒီနိုဗစ်ဟာ မြန်မာ့ဘောလုံးသမိုင်းမှာ သက်တမ်းအတိုဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

သူ့လက်ထက်မှာ မြန်မာအသင်းဟာ ၇ ပွဲ ကစားပြီး နိုင်ပွဲ လုံးဝမရှိပဲ ၂ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်သာ ရရှိခဲ့ပါတယ်။

အဆိုးရွားဆုံးကတော့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လုပ်ခွင့်ရတဲ့ ၂၀၁၁ AFC Challenge Cup ခြေစစ်ပွဲမှာ နိုင်ပွဲ လုံးဝမရှိပဲ ဖိလစ်ပိုင်နဲ့ တစ်ဂိုးစီသရေ၊ ဘင်္ဂလားဒေ့ရှ်ကို ၂-ဝ ဂိုး၊ ပါလက်စတိုင်းအသင်းကို ၃-၁ ဂိုးတွေနဲ့ ရှုံးပြီး ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။ ဇီဗာဒီနိုဗစ်ရဲ့သူ့ကို ယုံကြည်ပါ (Beleive Me) ဆိုတဲ့ စကားလုံးကတော့ မြန်မာပရိသတ်တွေနဲ့ မြန်မာ မီဒီယာတွေအကြားမှာ ရေပန်းစားခဲ့ပါတယ်။

ပတ်ဆောင်ဟွာ

(တောင်ကိုရီးယား၊ ၂၀၁၁-၂၀၁၃)

ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာကတော့ မြန်မာဘောလုံးပရိသတ်တွေ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ၂၀၁၃ ဆီးဂိမ်းမှာ မြန်မာ့ဘောလုံးပရိသတ် အသည်းကို ရက်ရက်စက်စက် ခွဲခဲ့သူဖြစ်ပြီး Head to Head စည်းမျဉ်းကို မသိဘူးလို့ ဆိုခဲ့ပြီး တစ်နိုင်ငံလုံးရဲ့အမုန်းကို ခံခဲ့ရသူပါ။

ပတ်ဆောင်ဟွာဟာ ၂၀၁၂ ဆူဇူကီး ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ဗီယက်နမ်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပေမယ့် ထိုင်းကို ၄-ဝ ဂိုး၊ ဖိလစ်ပိုင်ကို ၂-ဝ ဂိုးတွေနဲ့ ရှုံးပြီး အုပ်စုက ထွက်ခဲ့ရပါတယ်။ အိမ်ရှင်လုပ်ခဲ့တဲ့ ဆီးဂိမ်းမှာတော့ ပတ်ဆောင်ဟွာရဲ့ မြန်မာယူ-၂၃ အသင်းဟာ တီမောကို ၃-၁ ဂိုး၊ ကမ္ဘောဒီးယားကို ၃-ဝ ဂိုးတွေနဲ့နိုင်ပြီး ထိုင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပေမယ့် နောက်ဆုံးပွဲမှာ အင်ဒိုနီးရှားကို ၁-ဝ ဂိုးနဲ့ရှုံးပြီး ရမှတ်တူပေမယ့် Head to Head စည်းမျဉ်းအရ အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။ ပတ်ဆောင်ဟွာကတော့ လက်ရှိအချိန်မှာ ကိုရီးယား ပထမတန်းကလပ် Gyeongnam FC အသင်းကို ကိုင်တွယ်နေပါတယ်။

အေဗရာမိုဗစ်

(ဆားဘီးယား၊ ၂၀၁၄-၁၅)

အာဆီယံဘုရင်လို့ နာမည်ကြီးခဲ့တဲ့ ဆားဘီးယားနည်းပြ အေဗရာမိုဗစ်ကို မြန်မာအသင်း အောင်မြင်ဖို့အတွက် အားကိုးတကြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ မိုဗစ်ဟာ အဖွင့်ပွဲဖြစ်တဲ့ ၂၀၁၄ AFC Challenge Cup ပြိုင်ပွဲမှာပဲ အုပ်စုအဆင့်က ထွက်ခဲ့ရသလို ၂၀၁၄ ဆူဇူကီးပြိုင်ပွဲမှာလည်း အုပ်စုနဲ့ပဲကျေနပ်ခဲ့ရပါတယ်။

မိုဗစ်လက်ထက်မှာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားရခဲ့ပေမယ့် စံချိန်တင် အရှုံးရလဒ် ၉-ဝ ဂိုးနဲ့ ကူဝိတ်ကို ရှုံးခဲ့ပီးနောက်ပိုင်းမှာတော့ မြန်မာအသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

ဂတ်ဇီဆီဖရိုင်းဒရစ်

(ဂျာမနီ၊ ၂၀၁၅-ယခု)

မြန်မာယူ-၂၀ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဂျာမနီနည်းပြကြီး ဂတ်ဇီဆီဖရိုင်းဒရစ်ဟာ မြန်မာပရိသတ် အချစ်တော် နည်းပြကြီးတစ်ဦးပါ။ သူလက်ရွေးစင်နည်းပြဖြစ်လာချိန်မှာ ဘာလုပ်ပြနိုင်မလဲဆိုပြီး အားလုံးမျှော်လင့်စောင့်စားနေကြပါတယ်။

လတ်တလောမှာတော့ ဂတ်ဇီဆီဟာ အဖွင့်မလှပဲ ဟောင်ကောင်၊ တောင်ကိုရီးယားအသင်းတွေနဲ့ ကစားထားရာမှာ ဟောင်ကောင်ကို ၅-ဝ ဂိုး၊ တောင်ကိုရီးယားကို ၄-ဝဂိုးတွေနဲ့ ဂိုးပြတ် ရှုံးထားပါတယ်။ ဒါပေမဲ့ ဂတ်ဇီဆီရဲ့အဓိက ပစ်မှတ်က ၂၀၁၆ ဆူဇူကီးဖလားပါ။ နည်းပြ ဂတ်ဇီဆီရဲ့အနာဂတ်ကတော့ စောင့်ကြည့်ရပါဦးမယ်။

.page-node-7951 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required