မြန်မာလူငယ်တွေရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား အိပ်မက်

မြန်မာလူငယ်တွေရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား အိပ်မက်

မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲကို ၂၀ဝ၉ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ငါးနှစ်အထိရှိနေပါပြီ။ ပျော်တမ်းဝန်ကြီးဋ္ဌာနအသင်းတွေကနေ ပရော်ဖက်ရှင်နယ်ကလပ် အသင်းတွေကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ မြန်မာကစားသမားတွေဘဝဟာ နတ်ရေကန်ထဲ ကျသွားသလို ချက်ချင်းပြောင်းလဲမှုတွေ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားဆိုတဲ့ လူတန်းစားတစ်ရပ် နေ့ချင်းညချင်း ထွက်ပေါ်လာပါတယ်။ မြန်မာ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေဟာ ခြေစွမ်းအရ နိုင်ငံတကာအဆင့်မီတယ်ဆိုတာ သံသယဖြစ်စရာရှိပေမယ့် ဘဝနေထိုင်မှုပုံစံနဲ့ စိတ်နေစိတ်ထားတွေကတော့ နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအတိုင်း ဟန်ပန်အမူအရာတစ်ခွဲသားနဲ့ လူငယ်တွေ အမြင်မှာ အားကျစရာ လူတန်းစားတစ်ရပ် ဖြစ်လို့လာပါတယ်။

မြန်မာနေရှင်နယ်လိဂ်

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို ၂၀ဝ၉ ခုနှစ် မေလ ၁၆ ရက်မှာ စတင်ခဲ့ပြီး အသင်း ၈ သင်းနဲ့ ပြိုင်ပွဲစခဲ့ပါတယ်။ မြန်မာ နေရှင်နယ်လိဂ်အသင်းတွေကို မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင် သူဋ္ဌေးကြီးတွေက တာဝန်ယူတည်ထောင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသတွေကို အခြေပြုဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံးပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းရှစ်သင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ရန်ကုန်ယူနိုက်တက်၊ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ရတနာပုံ၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် ဒယ်လ်တာယူနိုက်တက်၊ ရှမ်းပြည်နယ်ကိုယ်စားပြု ကမ္ဘောဇ၊ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု မကွေး၊ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဥဿာ၊ တနင်္သာရီ နဲ့ မွန်ပြည်နယ် ကိုယ်စားပြု ဆောက်သမ်းမြန်မာ၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဇေယျာရွှေမြေအသင်းတွေပါ။

ကလပ်အသင်းတွေ စတင်ဖွဲ့စည်းခဲ့ပြီး ကစားသမားတွေကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုမှုတွေလုပ်ခဲ့ကြပြီး မြန်မာ့ဘောလုံးလောကကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ ဝန်ကြီးဋ္ဌာနအသင်းတွေမှာ လစာ လေးသောင်း၊ ငါးသောင်းလောက်နဲ့ ဘောလုံးကစားနေကြရတဲ့ မြန်မာဘောလုံးသမားတွေရဲ့ လစာဟာ ပရော်ဖက်ရှင်နယ် ခေတ်ဦးမှာ အမြင့်ဆုံး ဆယ်သိန်းကနေ အနိမ့်ဆုံး သုံးသိန်းအထိရလာပါတယ်။ နိုင်ငံခြားသားကစားသမားတွေလည်း မြန်မာနေရှင်နယ်လိဂ်ကို စတင်ဝင်ရောက်လာပြီး သူတို့တွေရဲ့ လစာငွေဟာလည်း အမေရိကန် ဒေါ်လာ ငါးထောင်ကနေ သုံးထောင်ကြားရှိပါတယ်။ မြန်မာ့လက်ရွေးစင်ကစားသမား တစ်ဦးရဲ့လစာငွေဟာ မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခုက မန်နေဂျင်းဒါရိုက်တာ တစ်ဦးရဲ့ လစာငွေနဲ့ ညီမျှနေတာကြောင့် လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ရည်မှန်းချက်ထဲမှာ ဘောလုံးကစားဖို့ဆိုတဲ့ ရည်မှန်းချက်တစ်ခု ဝင်ရောက်လာပါတယ်။

ဘောလုံးသမားဖြစ်ချင်တယ်

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစတင်ပြီး နှစ်နှစ်အတွင်းမှာ မြန်မာကစားသမားတွေရဲ့ လစာဟာ ဆယ်သိန်းကနေ သိန်းသုံးဆယ်ကျော်အထိဖြစ်လာပြီး မြန်မာမိဘတွေအကြားမှာလည်း သားသမီးကို ဘောလုံးကစားဖို့ တိုက်တွန်းလာတဲ့အထိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအိပ်မက်ဟာ မြန်မာပြည်သူတွေအကြားမှာ ကျယ်ပြန့်လာပါတယ်။ “အရင်က ကျွန်တော် ဘောလုံးသွားကန်ရင် ပညာရေးထိခိုက်မှာ စိုးလို့တားမြစ်ခဲ့တဲ့ မိဘတွေကနောက်ပိုင်းမှာ အကယ်ဒမီတွေအတွက် လူရွေးပွဲတွေလုပ်ရင် ကိုယ်တိုင်လိုက်ပို့ အားပေးတာမျိုးတွေ လုပ်လာတယ်။ အခုဆို ကျွန်တော် ဘောလုံးကစားတာကို မကန့်ကွက်တဲ့အပြင် ပံ့ပိုးကူညီမှုတွေ လုပ်လာပါတယ်။” လို့ နေပြည်တော် အက်ဖ်စီဘောလုံးအကယ်ဒမီမှာ ဘောလုံးပညာ သင်ကြားနေတဲ့ အသက် ၁၅ နှစ်အရွယ် သန်းစိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် ပေါ်ထွန်းလာပြီးနောက်ပိုင်း လူငယ်တွေ ဘောလုံးကစားဖို့ ပိုမိုအားသန်လာသလို ကလပ်အသင်းအချို့ကလည်း ဘောလုံးအကယ်ဒမီတွေ ဖွင့်လှစ်ပို့ချပြီး လူငယ်ကစားသမားရှာဖွေမှုတွေ လုပ်လာပါတယ်။ “ပရိုလိဂ်နောက်ပိုင်း လူငယ်တွေဘောလုံးကို ပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ဘောလုံးသင်တန်းတွေ အကယ်ဒမီတွေအတွက် လူရွေးပွဲလုပ်ရင် လူပေါင်းရာချီပြီး လာအရွေးခံကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာ အောင်မြင်တဲ့ ဘောလုံးသမားဖြစ်ဖို့က ကစားသမားကိုယ်တိုင် ကြိုးစားရမှာပါ” လို့ ရန်ကုန် ယူနိုက်တက်အသင်း လူငယ် ဖွံ့ဖြိုးရေးနည်းစနစ် ဒါရိုက်တာ ဦးဝင်းသူမိုးက မြန်မာ လူငယ်တွေ ဘောလုံးအပေါ် စိတ်ဝင်စားမှု မြင့်တက်လာတာကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု ဘောလုံးအကယ်ဒမီ နှစ်ခုရှိပြီး မန္တလေးမြို့နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့တွေမှာ ဖွင့်လှစ်ထားပြီး ရန်ကုန်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ နေပြည်တော်အက်ဖ်စီ ဘောလုံးအသင်းတွေကလည်း အကယ်ဒမီ ဖွင့်လှစ်သင်ကြားမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဒီဘောလုံးအကယ်ဒမီတွေအားလုံးဟာ အခမဲ့ဘောလုံးပညာသင်ကြားပေးသလို ပညာရေးအတွက် ပံ့ပိုးကူညီမှုတွေလည်း ပြုလုပ်ပေးပါတယ်။ မြန်မာနိုင်ငံမှာ အခပေးဘောလုံးသင်တန်းကျောင်း နှစ်ကျောင်းလည်းရှိပြီး မန္တလေးမြို့မှာ Super Star ဘောလုံးအကယ်ဒမီနဲ့ ရန်ကုန်မြို့မှ ရန်ကုန်ယူနိုက်တက်ဘောလုံး သင်တန်းကျောင်းတွေ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် လူငယ်ဘောလုံးသင်တန်းကျောင်းကတော့ လစဉ်ကြေး တစ်လ သုံးသောင်းကျပ်နှုန်းနဲ့ သင်ကြားပေးနေပြီး Level 1, 2 ဆိုပြီး
အဆင့်အလိုက် သင်ကြားပေးနေတာပါ။ ဘောလုံးသင်တန်းကျောင်းတွေကလည်း ဘောလုံးသမားဖြစ်ဖို့ ရည်မှန်းထားတဲ့ လူငယ်တွေအတွက် ကြားခံပေါင်းကူးတံတားတစ်ခုပါ။

ဂုဏ်ယူစရာ လက်ရွေးစင်ဘောလုံးသမားဘဝ

မြန်မာနိုင်ငံမှာ မိဘတွေဟာ သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာစတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို အဓိကထားသင်ကြားစေပြီး ဂုဏ်ယူတတ်ကြပါတယ်။ ၂၀၁၄ အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲပြီးတဲ့နောက်မှာတော့ လက်ရွေးစင်ဘောလုံး သမားဘဝဟာ ဂုဏ်ယူစရာကောင်းတယ်ဆိုတာကို လူငယ်တွေနဲ့ မိဘတွေ ပိုမိုသိရှိနားလည်လာပါတယ်။ မြန်မာယူ-၁၉ လူငယ်ဘောလုံးအသင်းဟာ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး မြန်မာ့ဘောလုံးသမိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရခဲ့တဲ့အတွက် တစ်နိုင်ငံလုံး ဂုဏ်ယူခဲ့ကြပြီး အသက် ၁၉ နှစ်အရွယ်လူငယ်လေးတွေဟာလည်း သူရဲကောင်းဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်က ဘောလုံးကို အရူးအမူးစွဲလမ်းပြီး ပညာရေးဘက်မှာ အားနည်းချက်တွေ ရှိခဲ့တယ်။ အိမ်က မိဘတွေကတော့ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ လက်ရွေးစင်ဖြစ်ပြီး နောက်ပိုင်းမှာ လက်ရွေးစင် ဘောလုံးသမားဘဝကိုပိုပြီး မြတ်နိုးလာတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ သိန်းနဲ့ချီပြီးရှိပေမယ့် လက်ရွေးစင်ဘောလုံးသမားက ၁၁ ယောက်ပဲရှိတယ်လေ” ဒီစကားတွေကိုတော့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကိုမျိုးလှိုင်ဝင်းက ပြောခဲ့တာပါ။

ဒီနေ့ခေတ်လက်ရွေးစင် ဘောလုံးသမားတွေဘဝဟာ မိမိဝါသနာပါတဲ့ အလုပ်ကိုလုပ်ကိုင်ရင်း ပြည့်စုံတဲ့ ဘဝအခြေအနေတွေကို ပိုင်ဆိုင်မှုရထားပေမယ့် ရှုံးနိမ့်မှုတွေ ကြုံတွေ့လာချိန်မှာ ဝေဖန်ခံရသလို လူမှုဘဝ နေထိုင်မှုမှာလည်း ကစားသမားအချို့ အမှားအယွင်းတွေ လုပ်လာတဲ့အတွက် ပြစ်တင်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ မြန်မာနေရှင်နယ်လိဂ် ခေတ်ဦးမှာ ဘောလုံးသမားတွေ ညကလပ်တွေမှာ ရန်ဖြစ်တာ သောက်စားမူးယစ်ပျော်ပါးနေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ကစားသမားအချို့ရဲ့အိမ်ထောင်ရေး ဖောက်ပြန်မှုသတင်းတွေဟာ ကျယ်ကျယ်လောင်လောင် ဖြစ်လာပါတယ်။ ၂၀၁၃ ဆီးဂိမ်းမှာ မြန်မာယူ-၂၃ ဘောလုံးအသင်း အုပ်စုအဆင့်ကနေ အရှက်တကွဲ လှည့်ပြန်ခဲ့ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ မြန်မာနေရှင်နယ်လိဂ်မှာ လစာတွေ ကန့်သတ်ထိန်းချုပ်ခံလာရပါတယ်။
ကစားသမားလစာဟာ အမြင့်ဆုံးဆယ်သိန်းသာ ခံစားခွင့်ရှိတော့ပြီး လူငယ်ကစားသမားတွေရဲ့ လစာလည်း လျော့ကျလာပါတယ်။

“ဘောလုံးသမားတွေဆိုတာ လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်ပါ။ လူငယ်တွေ အတုယူ မမှားစေဖို့အတွက် အနေအထိုင် ဆင်ခြင်သင့်တယ်။ နိုင်ငံတကာမှာလည်း ကစားသမားတွေ ဖောက်ပြန်မှုတွေ ရှိတတ်ပေမယ့် အဲ့လိုကစားသမားတွေဟ ကျဆုံးသွားတာချည်းပါပဲ” လို့ ကစားသမားတွေ စည်းကမ်းတကျရှိဖို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်။

ပရော်ဖက်ရှင်နယ်အိပ်မက်

ဘောလုံးအားကစားကို အရူးအမူး စွဲလန်းအားပေးပြီး အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်းတွေကိုသာ အားပေးခဲ့ကြရတဲ့ မြန်မာလူငယ်တွေဟာ ကိုယ့်နိုင်ငံမှာ ပရော်ဖက်ရှင်နယ်လိဂ်နဲ့ ကလပ်အသင်းတွေ ပေါ်ထွက်လာတဲ့အတွက် အားပေးရုံတင်မက ကိုယ်တိုင်ဘောလုံးသမားဖြစ်ဖို့ပါ ရည်မှန်းချက်ထားရှိလာကြပါတယ်။ မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဆိုတာ ကျင့်ဝတ်နဲ့ ရပ်တည်မှုကို သေချာမသိပဲ နေ့ချင်းညချင်း စင်ပေါ်ရောက်လာကြတဲ့အတွက် လူငယ်တွေ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ဆိုတာလည်း စံနှုန်းတွေကို သေချာမသိပဲ စမ်းတဝါးဝါးနဲ့ ပန်းတိုင်ကို ရှာဖွေနေရတာပါ။

မြန်မာနိုင်ငံမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာမယ်ဆိုရင် ငွေကြေးချမ်းသာလာမယ်၊ ထင်ရှားကျော်ကြားလာမယ်ဆိုတဲ့ မက်လုံးတွေက လူငယ်တွေကိုသာမကပဲ မိဘတွေကိုပါ ဆွဲဆောင်လာပါတယ်။ မြန်မာဘောလုံးသမားတွေဟာ ဘောလုံးပညာမှာ ကမ္ဘာ့အဆင့်ဘောလုံးသမားတွေကို မမီပေမယ့် လူမှုဘဝနေထိုင်မှုနဲ့ ဖက်ရှင်တွေမှာတော့ အမီ လိုက်နိုင်တာတွေ့ရပါတယ်။ လူငယ်တွေအနေနဲ့ ဘောလုံးသမားဖြစ်ဖို့ အိပ်မက်မှာ ငွေကြေးချမ်းသာလိုမှုက အဓိကကျနေပြီး ပရော်ဖက်ရှင်နယ် ဘောလုံးပညာရပ်တွေကို သင်ကြားတတ်မြောက်လိုမှု ဆန္ဒကတော့ နည်းပါးနေပါတယ်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းက မြန်မာလူငယ်တွေရဲ့အနာဂတ် ဆန္ဒဟာ ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ ဘောလုံးသမားကြီး ဖြစ်ဖို့ အိပ်မက်ကို မြန်မာလူငယ်တွေ မက်လာကြပြီဖြစ်ပါကြောင်း...။

.page-node-7950 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required