မေတ္တာတရား ဘာ့ကြောင့် ခေါင်းပါး

မေတ္တာတရား ဘာ့ကြောင့် ခေါင်းပါး

ယခုရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက်မှာ ကလေးငယ်တစ်ယောက်ကို ကိုယ်တုံးလုံးချွတ် နေလှန်းပြီး ရိုက်နှက်နှိပ်စက်တဲ့ ဓါတ်ပုံတစ်ပုံကြောင့် ကြည့်ရှုခွင့်ရကြတဲ့လူအပေါင်း စိတ်မကောင်းဖြစ်ကြရ၊ အပြစ်တင်ဝေဖန်ကြ လုပ်ခဲ့ကြရပါတယ်။

ဒီလုပ်ရပ်အပေါ် တာဝန်ရှိသူများအနေနဲ့ အမြန်ဆုံး ထိရောက်မှန်ကန်စွာ အရေးယူဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုကြပါတယ်။ နှိပ်စက်ခံရတဲ့ ကလေးငယ်အကြောင်း၊ နှိပ်စက်နေသူနဲ့ ကလေးငယ်နှိပ်စက်ခံရတဲ့ အိမ်အကြောင်း၊ အိမ်ရှင်များအကြောင်းနဲ့ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလည်းဆိုတဲ့ အဖြစ်အပျက်အမှန် သိရဖို့ကိုလည်း လူမှုရေးစိတ်ဓါတ်ရှိသူများက ဝိုင်းဝန်းအဖြေရှာခဲ့ကြပါတယ်။

ဘယ်လိုပင် ဝိုင်းဝန်းအဖြေရှာကြသည့်တိုင် အဖြေမှန်က ဘယ်လိုပင် ထွက်လာသည်ဖြစ်ပစေ အရွယ်ငယ်လွန်းလှတဲ့ ကလေးငယ်တစ်ဦးကို အခုလို နှိပ်စက်ညှဉ်းပမ်းတဲ့ လုပ်ရပ်ကိုတော့ လူသားစိတ်ရှိသူ မည်သူမဆို ဝိုင်းဝန်းကန့်ကွက်ကြရမှာပါပဲ။

မှန်ပါတယ်။ မိမိတို့နိုင်ငံက ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ နိုင်ငံပါ။ ဗုဒ္ဓရဲ့ ပင်မအဓိက ဝါဒကလည်း မေတ္တာဖြစ်ပါတယ်။ ဒီလိုဖြစ်နေပါရဲ့နဲ့ ဘာကြောင့်များ အခုလို မေတ္တာတရားခေါင်းပါးလွန်းပြီး ရက်စက်တဲ့အပြုအမူနဲ့လုပ်ရပ်များကို မိမိတို့ ကြားနေမြင်နေကြရသလဲ။

လွန်ခဲ့တဲ့ ငါးနှစ်ခန့်က သတင်းတစ်ပုဒ်ကို ပြန်ပြီး ပြောချင်ပါသေးတယ်။ ဒီသတင်းထဲမှာ အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးတစ်ဦးကို အိမ်ရှင်ဖြစ်သူက ထမင်းဝအောင် မကျွေးပဲထားပြီး နေ့ရောညပါ ပင်ပမ်းတဲ့အလုပ်တွေချည်းပဲ ခိုင်းစေခဲ့ရာက အဲဒီအိမ်အကူမိန်းကလေး မီးဖိုချောင်နံရံကိုမှီရင်း သေဆုံးသွားရတဲ့သတင်းဖြစ်ပါတယ်။ ဒီကိစ္စမှာလည်း အိမ်နားနီးချင်းတွေက တစ်စုံတစ်ရာ မသင်္ကာဖြစ်လို့ သက်ဆိုင်ရာကို အကြောင်းကြား၊ သက်ဆိုင်ရာကလည်း ချက်ချင်းအရေးယူ ဝင်ရောက်ရှာဖွေကြပေမယ့် အိမ်ဖေါ်မိန်းကလေးရဲ့အသက်ကိုတော့ ကံဆိုးစွာပဲ မမီလိုက်ကြတော့ပါဘူး။ ဒီသတင်းဟာ အခုမျက်မှောက်ခေတ်လို အင်တာနက် လူမှုကွန်ရက်နည်းပညာတွေ မရှိသေးတဲ့အချိန်ဆိုတော့ လူအနည်းငယ်လောက်ပဲ သိခဲ့ကြရပါတယ်။

အခုလည်းပဲ အကယ်၍သာ ဒီအဖြစ်အပျက်ကို ပတ်ဝန်းကျင်က အချိန်မီ မသိရှိနိုင်ဘူးဆိုရင် နှိပ်စက်ခံရတဲ့ ကလေးငယ်ရဲ့အဖြစ်ဟာ ဘယ်လိုနိဂုံးချုပ်မလည်းဆိုတာ မတွေးဝံ့လောက်အောင်ပါပဲ။ ဒါ့အပြင် ဒီလိုအဖြစ်အပျက်မျိုးတွေဟာ ဒီအိမ် ဒီအဖြစ်အပျက်တစ်ခုထဲမှ ဟုတ်ပါရဲ့လား။ ပတ်ဝန်းကျင် လက်လှမ်းမမီတဲ့နေရာတွေမှာ ဒီလိုပဲ ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ကောင်းဖြစ်နေလိမ့်ဦးမယ်၊ ရှိကောင်း ရှိနေလိမ့်ဦးမယ်ဆိုတာကလည်း မတွေးဝံ့စရာပါပဲ။

ဒီအဖြစ်အပျက်အပေါ်မူတည်စဉ်းစားတဲ့အခါ လူသားချင်းစာနာစိတ်ကင်းတဲ့ စိတ်ထားတွေ ဘာ့ကြောင့် မိမိတို့လူ့အဖွဲ့အစည်းမှာ ကျယ်ပြန့်စွာ နေရာယူလာခဲ့ကြတာလဲ။ ဒီလိုအဖြစ်အပျက်တွေဟာ တဖြေးဖြေး ကျုံလှီပပျောက်သွားရမယ့်အစား၊ ဘာ့ကြောင့် မပပျောက်သွား မကျုံလှီသွားတဲ့အပြင် ဆထက်တံပိုး တိုးလာနေတာပါလိမ့်။ အဓိက အကြောင်းရင်းကို တွက်ဆအဖြေရှာကြတာကတော့ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်  စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြေတစ်ခုကတော့ မိမိတို့ပြည်သူတွေ မိမိတို့တိုင်းရင်းသားတွေ တဖြေးဖြေး စိတ်ထားအဆင့်အတန်းက မှားယွင်းနိမ့်ကျလာနေတာဟာ မှားယွင်းတိမ်းစောင်းလှတဲ့ အာဏာရှင်စံနစ်ကြောင့်သာဖြစ်တယ်ဆိုတဲ့ အဖြေပါပဲ။

အာဏာရှင်စနစ်ဟာ အင်အားအဓိက ဝါဒဖြစ်တယ်။ ကိုယ့်အကျိုးစီးပွားကိုပဲ ပထမ ဦးစားပေးတယ်။ ကိုယ်သာလျင် မှန်တယ် သိတယ် တတ်တယ်ဆိုတဲ့ ချို့ယွင်းနေတဲ့ အယူအဆကို ကိုင်ဆွဲတယ်။ ကိုယ့်အကျိုုးစီးပွားအတွက်ဆိုရင် ကိုယ်ကျင့်တရား၊ လူသားချင်းစာနာစိတ်၊ တရား၏ မတရား၏၊ သင့်တော်၏ မသင့်တော်၏ စဉ်းစားဝေဖန် လက်ခံနိုင်စွမ်း အားနည်းလှတဲ့ စိတ်ဓာတ်ကို အခြေခံတဲ့ဝါဒဖြစ်ပါတယ်။ ဒီလို အခြေခံပေါ်မှာ မိမိတို့တိုင်းပြည် နှစ်ပေါင်းများစွာ ကျင်လည်နေထိုင်လာကြရတဲ့အခါ အထက်က ပြောခဲ့တဲ့ လူသားချင်းစာနာစိတ်ကင်းမဲ့လှတဲ့ အဖြစ်အပျက်တွေ ဖြစ်လာကြရတော့တာပဲပေါ့။

ဒါကြောင့် မိမိတို့နိုင်ငံ ဗုဒ္ဓရဲ့ဝါဒအခြေခံတရားဖြစ်တဲ့ မေတ္တာတရားများ ပြန်လည်အခြေချ ပြန့်ပွားထွန်းကားပြီး လူသားအချင်းချင်း စာနာမှု အနစ်နာခံမှု ကူညီယိုင်းပင်းမှုစိတ်ဓာတ်များ ပြည်လည်ထွန်းကားလာစေရေး အာဏာရှင်စနစ် ချုုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ် အမြန်ထွန်းကားစေရေး ကြိုးပမ်းကြရမည်သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly