မြန်မာ့ ကျောက်မီးသွေး စက်ရုံများအတွက် ဂျပန် မထောက်ပံ့ရန် ကန့်ကွက်စာပို့

မြန်မာ့ ကျောက်မီးသွေး စက်ရုံများအတွက် ဂျပန် မထောက်ပံ့ရန် ကန့်ကွက်စာပို့

မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများအား ထောက်ပံ့ခြင်းမပြုရန် ကန့်ကွက်စာအား ဂျပန်နိုင်ငံတိုကျိုမြို့နှင့် ရန်ကုန်ရှိ ဂျပန်သံရုံးသို့ ဒေသခံကိုယ်စားလှယ် သုံးဦးစီက ကိုယ်တိုင် သွားရောက် ပေးပို့ခဲ့သည်ဟု ယင်းကိုယ်စားလှယ်များက ပြောကြားသည်။

ဂျပန်နိုင်ငံမှ ရင်းနှီးမြပ်နှံမည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတည်ရှိသည့် ဒေသများဖြစ်သည့် အံဒင်၊ ငရုတ်ကောင်းနှင့် သာရဘွင် ဒေသတို့မှ ကိုယ်စားလှယ်သုံးဦးက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ  ဂျပန်သံရုံးသို့ ယနေ့ နေ့လယ် ၁၂ နာရီက ကန့်ကွက်စာ သွားရောက် ပေးပို့ရာ သံရုံးမှ မစင်သီယာက လက်ခံရယူပြီး တာဝန်ရှိသူထံ ပေးဆောင်မည်ဟု ပြောကြောင်း ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစောနိုင်သန်းက မဇ္ဈိမသို့ပြောသည်။

''ဒီနေ့ပေးတဲ့စာထဲမှာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီတွေ တည်ဆောက်မယ့် ကျောက်မီးသွေး စက်ရုံ တွေမှာ ငွေကြေး မထောက်ပံ့ဖို့နဲ့ ဒေသခံတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ ရေးထားပါတယ်။ ကျွန်တော် တို့လို ကိုယ်စားလှယ်သုံးဦး ဂျပန်နိုင်ငံ သွားပြီးတော့ မနေ့က ကန့်ကွက်စာ သွားပေးပါတယ်။'' ဟု သာရဘွင် ဒေသခံကိုယ်စားလှယ်ဖြစ်သူ ဦးစောနိုင်သန်းက ဆိုသည်။

ဂျပန်နိုင်ငံသို့ ဒေသခံ ကိုယ်စားလှယ်သုံးဦး နိုဝင်ဘာ ၂၄ ရက်က ထွက်ခွာသွားပြီး ၂၆ ရက်နေ့ တိုကျိုလွှတ်တော်ထဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်ဟု ကိုယ်စားလှယ်များကပြောကြားသည်။

''ဂျပန်ရောက်နေတဲ့အဖွဲ့က တိုကျိုလွှတ် တော်ခန်းမမှာ လွှတ်တော်အမတ်တွေ၊ တက္ကသိုလ် ကျောင်းသားတွေ၊ ဒီစီမံကိန်းတွေကို ထောက်ပံ့နေတဲ့ ဘဏ်တွေ၊ အကောင်အထည် ဖော်နေတဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး ဒေသခံတွေ သဘောမတူတဲ့နေရာမှာ ရင်းနှီးမြှပ်နှံမှု မလုပ်ကြဖို့ ရှင်းလင်းပွဲ၊ ဟောပြောပွဲတွေလုပ်ဆောင်ပါတယ်'' ဟု အံဒင်ဒေသခံ ကိုယ်စားလှယ် မသီရိဦးက ပြောသည်။

ကျောက်မီးသွေးစီမံကိန်းများတွင် ပါဝင်ပတ်သက်ထောက်ပံ့ခြင်းများ မပြုလုပ်ရန် တောင်းဆိုကြသည့် ကိုယ်စားလှယ်များမှာ ရန်ကုန်မြို့သို့ အံဒင် ဒေသခံကိုယ်စားလှယ် မသီရိဦး၊ ငရုတ်ကောင်း ဒေသခံကိုယ်စားလှယ် ဦးကန်ကြီး၊ သာရဘွင် ဒေသခံကိုယ်စားလှယ် ဦးစောနိုင်သန်း တို့သွားရောက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဦးစံငွေ၊ ဦးသန့်စင်၊ ဦးမိုးကျော်သူ တို့သွားရောက်ခဲ့သည်။

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်မည့် အံဒင်မှာ မွန်ပြည်နယ် ရေးမြို့အနီး၊ သရဘွင်မှာ တနင်္သာရီတိုင်း၊ ငရုတ်ကောင်းမှာ ဧရာဝတီတိုင်း အတွင်း တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required