ပူတင်က ရုရှကို တဖြည်းဖြည်းပြိုကွဲမှုသို့ ဆွဲခေါ်သွားနေဟု ရုရှသူကြွယ်ဟောင်း ခိုဒေါကော့စကီး ပြောကြား

ပူတင်က ရုရှကို တဖြည်းဖြည်းပြိုကွဲမှုသို့ ဆွဲခေါ်သွားနေဟု ရုရှသူကြွယ်ဟောင်း ခိုဒေါကော့စကီး ပြောကြား

လန်ဒန်၊ နိုဝင်ဘာ - ၂၇ ။        ။ သမ္မတ ဗလာဒီမီယာ ပူတင်မှာ အနောက်၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရေနံဈေးနှုန်း ကျဆင်းမှုကို ကျော်လွှားနိုင်လိမ့်မည်ဖြစ်သော်လည်း ကရင်မလင်အကြီးအကဲက ရုရှနိုင်ငံ တဖြည်းဖြည်း ပြိုကွဲသွားနိုသည့် ထိုင်းမှိုင်းလေးအီမှုကို ဆောင်ကျဉ်းလာခဲ့သည်ဟု သူကြွယ်ဟောင်း မစ်ခေး ခိုဒေါကော့စကီးက နိုဝင်ဘာ ၂၆ ရက်နေ့က ပြောကြားခဲ့သည်။

ပူတင်နှင့် မပြေမလည်ဖြစ်ပြီးနောက် ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ပြန်လွှတ်လာခဲ့သည့် ရုရှ၏ အချမ်းသာဆုံးလူဖြစ်သည့် ခိုဒေါကော့စကီးက ရိုက်တာသို့ ပြောကြားရာတွင် ပူတင်း အနေဖြင့် ရေနံဈေးနငန်း တစ်စည် ၄၅ ဒေါ်လာအကျပ်အတည်းကို ကျော်လွှားနိုင်သော်လည်း သူ အာဏာဆက်ရှနေလေ ရုရှအတွက် အန္တရာယ်က ပိုကြီးလေလေ ဖြစ်လိမ့်မည်ဟု ဆိုသည်။  

၁၉၉၉ နောက်ဆုံးရက်တွင် ကရင်မလင်အကြီးအကဲဖြစ်လာခဲ့သည့် ပူတင်မှာ ရုရှကို လီယွန်နစ် ဘရက်ဇညက်လက်ထက် ၁၉၇၀ခုနှစ်များတွင် ဆိုဗီယက်ယူနီယံကို အင်အားချိနဲ့သွားစေသည့် လေးအီထိုင်းမှိုင်းမှုဆီသို့ ပြန်လည် ဆွဲခေါ်သွားနေသည်ဟု ခိုဒေါကော့စကီးက ပြောကြားခဲ့သည်။

‘ရုရှဟာ ၁၉၇၀ အဆုံးပိုင်းကာလတွေနဲ့ ဆင်တူတဲ့ အခြေအနေဆီကို ထိုးဆင်းသွားခဲ့ပြီ။ ကျနော်တို့ဟာ လေးအီထိုင်းမှိုင်းတဲ့ ဘရက်ဇညက်ကာလရဲ့ နောက်ဆုံးအခြေမှာ ရောက်နေကြပြီ။ ကံမကောင်းစွာပဲ ပူတင်က ငယ်ရွယ်တော့ ဒီကာလဟာ ကြာမြင့်ဦးမယ့်သဘောပဲ’’ဟု ခိုဒေါကော့စကီးက လန်ဒန်မြို့သို့ ရောက်ရှိစဉ်တွင် ရိုက်တာအား ပြောကြားခဲ့သည်။

‘တကယ်လို့ ပူတင်ထွက်သွားရင်ရော ရုရှက လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်မလားလို့ မေးလာခဲ့ရင်တော့ ပူတင် နောက် ၅နှစ်ကနေ ၈နှစ်အတွင်းမှာ ထွက်သွားတာက နောက် ၁၅နှစ်ကြာမှ ထွက်သွားတာနဲ့စာရင် အကျပ်အတည်းကို ကျော်လွှားနိုင်မယ့်အခွင့်အလမ်း ပိုကြီးမားတယ်လို့ ပြောချင်ပါတယ်’’ဟု ခိုဒေါကော့စကီးက ပြောကြားခဲ့သည်။ ‘ကျနော်က လက်ရှိနယ်နိမိတ်အတွင်းမှာ ရုရှရဲ့ ရှင်သန်မှုကို ပြောနေတာပါ’ဟုလည်း ၎င်းက ဆိုသည်။

လူနေမှုအဆင့်အတန်းများမှာ လူထုကို ဒေါသူပုန်ထလောက်အောင် စောက်ထိုးကျဆင်းခြင်းမရှိသေးသောကြောင့် လတ်တလောတွင် တော်လှန်းရေးဖြစ်ပေါ်ရလောက်အောင် စီးပွားရေးနိုင်ငံရေး အခြေအနေများမှာ မတင်းမာသေးဟုလည်း ခိုဒေါကော့စကီးက ပြောကြားခဲ့သည်။ ‘ပူတင်အတွက်တော့ အချိန်အကြာကြီး အာဏာကို ချုပ်ကိုင်ထားနိုင်ဦးမယ့် အခွင့်ကောင်းပေါ့’’ဟုလည်း ခိုဒေါစကီးက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required