အာဆီယံ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည်

အာဆီယံ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည်
၂၀၁၃ ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာဘော်လီဘောအသင်းအား တွေ့ရစဉ် ။

နိုဝင်ဘာ ၂၇၊ ရန်ကုန်။              ။ အာဆီယံဘော်လီဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည် ဖြစ်သည် ဟု မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညီညီလွင်က ပြောသည်။

အဆိုပါပြိုင်ပွဲကို ၂၀၁၆ ဇူလိုင်လတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပပြုလုပ်မည် ဖြစ်ပြီး အိမ်ရှင်မြန်မာ အပါအဝင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားမည့်အပြင် နယူးဇီလန်အသင်းကလည်း ဧည့်သည်အသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားပြီး ပါပြီ။ အခု ယူ-၁၉ အသင်းရော၊ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းရော   လေ့ကျင့်ပြင်ဆင်မှုတွေ   ပြုလုပ်နေပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသမီးပြိုင်ပွဲတော့ မပါပါဘူး။ အမျိုးသားသီးသန့်ပါပဲ။ အိမ်ရှင်ဖြစ်တဲ့အတွက် သေချာလေ့ကျင့်နေပါတယ်။ ပြိုင်ပွဲနီးမှပဲ နေပြည်တော်မှာ စခန်းသွင်းလေ့ကျင့်ဖို့တော့ စီစဉ်ထားပါတယ် ” ဟု ဦးညီညီလွင်က ယူ-၁၉ ဘော်လီဘော အသင်းလေ့ကျင့်ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

အာဆီယံ ယူ-၁၉ ဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအား အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းကို ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ ဘော်လီဘောအသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးကျော်စွာဝင်းက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကစားသမား ၃၂ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly