အာရှဖိတ်ခေါ်ဟော်ကီပွဲတွင် မြန်မာအမျိုးသားဟော်ကီအသင်း ရုန်းကန်ရဖွယ်ရှိ

အာရှဖိတ်ခေါ်ဟော်ကီပွဲတွင် မြန်မာအမျိုးသားဟော်ကီအသင်း ရုန်းကန်ရဖွယ်ရှိ
လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်နေသော လက်ရွေးစင်အမျိုးသားဟော်ကီအသင်း။  (ဓာတ်ပုံ - နေလင်းထက်)

နိုဝင်ဘာ ၂၇၊ ရန်ကုန်။             ။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲ (2nd Men's Asian Challenge)တွင် အာရှ အင်အား ကြီးအသင်းများဖြစ်သော တရုတ်၊ သီရီလင်္ကာစသည့်အသင်းများ ပါဝင်နေသောကြောင့် အိမ်ရှင်မြန်မာအမျိုးသားဟော်ကီ အသင်းအနေဖြင့် ရုန်းကန်ရမည့် အနေအထားရှိသည်။

ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ တွင် အိမ်ရှင်မြန်မာ၊ တရုတ်၊ သီရီလင်္ကာ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ အင်ဒိုနီးရှားစသည့် အသင်း ခြောက်သင်း ဝင် ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲသို့ ဝင်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဟော်ကီအသင်းမှာ ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် တတိယရရှိခဲ့သည့်အသင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် မိုဟာမက်အာမက်က တာဝန်ယူကိုင်တွယ်နေ သည်။

' ပြိုင်ပွဲအတွက် ကစားသမားတွေ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီပြိုင်ပွဲကို အရမ်းကို ကြီးမားတဲ့ ပြိုင်ပွဲပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘာမှ ပြောလို့မရသလို မလွယ်ကူဘဲ ခက်ခဲမယ့် ပြိုင်ပွဲတစ်ပွဲပါ'ဟု အသင်းနည်းပြချုပ် မိုဟာမက် က မဇ္ဈိမသို့ ပြောသည်။

ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ်ဟော်ကီပြိုင်ပွဲတွင် ပထမနှင့် ဒုတိယရရှိသည့် အသင်း နှစ်သင်းသည် အာရှဟော်ကီပြိုင်ပွဲသို့ ဝင်ရောက်ကစားခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲတွင် ဒုတိယနေရာရရှိပြီး အာရှခြေစစ်ပွဲအောင်မြင်ရန် ရည်မှန်းနေခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၁၃ ရက် တွင် တရုတ်(တိုင်ပေ)အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက် တွင် သီရိလင်္ကာအသင်းနှင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဟောင်ကောင်အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်လည်းကောင်း အသီးသီးကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly