မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် NLD အစိုးရကို ဘာဖြစ်စေချင်သလဲ

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် NLD အစိုးရကို ဘာဖြစ်စေချင်သလဲ

မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့်အတူ ရာသီဥတု အပြောင်းအလဲများလည်း မြန်ဆန်နေသည် ဖြစ်ရာ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်နှင့် မဇ္ဈိမက တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများတွင် အစိုးရတစ်ရပ် မကြာခင် ပြောင်းလဲတော့မည်ဖြစ်ရာ    ရာသီဥတု အပြောင်းအလဲ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အတွက် အစိုးရတစ်ရပ် လုပ်ဆောင်သင့်သည်များကို ဆရာ ဦးထွန်လွင်က အကြံပေးသွားခဲ့သည်။

 

ကျနော် ပထမဆုံး မေးချင်တာက ကျနော်တို့နိုင်ငံမှာ ရာသီဥတု ဖေါက်ပြန်တယ်၊ မိုးလေဝသ မမှန်ဘူး ဒါတွေဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့်လို့ ဆိုကြတယ်။ ဒီလိုဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ နောက်တက်လာမယ့် အစိုးရကို ဆရာ ဘာများ ပြောချင်ပါသလဲ။ ပညာရှင် တစ်ယောက်အနေနဲ့ အစိုးရကို ဘာများ ကူညီနိုင်မလဲ။

အစိုးရဆိုတဲ့ စကားဟာ ဘာလဲ ကျနော် အစိုးရပေါ်မှာ ဘယ်လို သဘောထားလဲပေါ့။ ဒါက ကျနော့် စကား အစစ်မဟုတ်ပါဘူး။ ကျနော် ကြားဖူးတာပေါ့။ အဲတာလေးက တော်တော် ကောင်းတယ်။ နိုင်ငံအပေါ် သစ္စာရှိပါ။ အစိုးရကိုတော့ ထိုက်တန်မှ သစ္စာရှိပါ။ ကျနော် ထိုက်တန်ရင်တော့ သစ္စာရှိမှာပေါ့ မဟုတ်ဘူးလား။ မထိုက်တန်ရင်တော့ ဘာသစ္စာရှိဖို့ လိုလဲ။ မလိုပါဘူး ဘယ်အစိုးရပဲ ဖြစ်ဖြစ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြည့်ရမှာ နိုင်ငံကို ကြည့်ရမှာကိုး။ နိုင်ငံအတွက် အကျိုးရှိမလား မရှိဘူးဆိုလည်း မရှိတဲ့အကြောင်း ပြောရမှာပဲ ဒါကိုယ့်အလုပ်ပဲလေ။

ကျနော် နေရာတကာမှာ လျှာရှည်တာတော့ မဟုတ်ပါဘူးပေါ့နော်။ ဒါပေမယ့် နေရာတကာလဲ ဝင်မပြောဘူး။ ကျနော်သိတာ မိုးလေဝသပဲ သိတယ် မိုးလေဝသ ရာသီဥတု ဆိုရင်တော့ ကျနော် ပြောမယ်။ သဘာဝဘေးသိမယ် ဒီလောက်တော့ ကျနော် ပြောနိုင်တယ်။ ကျနော်ဟာ ဆရာကြီးဆိုပြီး စိုက်ပျိုးရေးတွေ မေးလဲ ဒီလောက် မသိဘူးပေါ့နော်။ ဆိုတော့ ကျနော်ကလည်း ကျနော့်စည်းနဲ့ ကျနော်နေရမှာပေါ့။

ဒါပေမယ့် ကျနော်ပြောစရာ ရှိတာတော့ ပြောရမှာပဲ။ အဲတော့ တွန်းတဲ့ အခါတော့ တစ်လျောက်လုံး တွန်းနေတာပဲ။ အရင်တုန်းကတော့ ခပ်ရွံ့ရွံ့ပေါ့။ ခုတော့ ခပ်ရဲရဲပေါ့ဗျာ။ အခြေအနေအရ ကြည့်ရတာပေါ့။ မိဘရဲ့ မျက်နှာရိပ် မျက်နှာကဲတော့ ကြည့်ရတာပေါ့။ ဟုတ်လား အခြေအနေ ကောင်းရင်လည်း ကောင်းသလိုပေါ့။ ငိုတန် ငိုပြရမှာပေါ့။ ငိုမှ မငိုသေးဘူး အသံလေး ထွက်တာနဲ့ နားရင်းရိုက်တဲ့ အဖေနဲ့ တွေ့ရင်တော့ ငြိမ်ရတာပေါ့။ ဒီလိုပဲ သွားမှာပဲ။

 

ဆိုတော့ ကျနော်တို့ လာမယ့် အစိုးရ တစ်ရပ်အနေနဲ့ ရေရှည်ပဲ ဖြစ်ဖြစ် ရေတိုပဲဖြစ်ဖြစ် သဘာဝ ဘေးအန္တရယ်ပဲ ပြောပြော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပဲဆိုဆို ဘာတွေများ ပြင်ထားသင့်သလဲ ဘာတွေများ လုပ်သင့်သလဲ။

ကျနော်ရဲ့ အတွေ့အကြုံအရ ပြောရရင်တော့ နံပါတ် ၁ အရေးကြီးဆုံးက လူမှန် နေရာမှန်ပဲ ဒါကျနော် ခံယူစိတ်ပေ့ါနော်။ ဘယ်အလုပ်မဆို ပညာရှင်ဆိုတာ ရှိတယ်။ အဲဒါတော့ ယုံဗျနော်။ ဥပမာ ကျနော် မိုးလေဝသတွေ ပြောနေတယ်။ ကျနော် လုပ်တဲ့အလုပ်ကို ဘယ်သူမှ မပြောနိုင်ပါဘူး ငါဘဲပြောနိုင်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘယ်သူဝင်ပြောပြော ရတယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ Train တော့ လုပ်ပေးရမယ်။ ဟဲ့ကောင်လာစမ်း ပြောဆို ပြောခိုင်းဘယ်တော့မှ မရဘူး။ အဲဒီတော့ ကျနော်ပြောချင်တာက သူ့နေရာနဲ့သူ ပညာရှင် ရှိတယ်။ အဲဒီပညာရှင်ကို တန်ဖိုးထားဖို့ လိုပါတယ်။

သဘာ၀ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဆိုတာ ပညာရပ်သပ်သပ် သင်ယူရတယ်။ သင်ယူမှသိတယ်။ သဘာ၀ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးမှာ ရာထူးကြီး ယူပြီးတော့ ထိုင်နေရင် ဘယ်အလုပ်ဖြစ်မှာတုန်း။  ပညာက ပညာလို သွားမှရမယ်ဗျနော်။ ပြောရရင်တော့ မိုးကျရွှေကိုယ်တွေတော့ မဖြစ်ဘူး။ သူ့ဟာသူ Train လုပ်သွားရမယ်။ Train သာလုပ်သွား ဘယ်အလုပ်မဆို မဖြစ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ အချိန်တန်ရင်တော့ အောင်မြင်မှာပဲ။ အဲဒီတော့ ကျနော်မြင်တာကတော့ လူမှန်နေရာမှန် ဖြစ်ဖ့ိုရယ်၊ ဒီမိုးကျရွှေကိုယ် ကိစ္စကြီး ပပျောက်သွားဖို့ရယ် အဲဒါက အရေးအကြီးဆုံးပဲ။

 

အခုနပြောတဲ့ဟာကတော့ ကျနော်တို့ အစိုးရကိုပြောတာပေ့ါ။ ကျနော်တို့ ပြည်သူလူထုတွေ အနေနဲ့ကကော ဒီသဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းမှုကလည်း ရာသီဥတုဖေါက်ပြန်မှုနဲ့ တိုက်ရိုက် အချိုးကျနေတာကိုး။ ဒီတော့ ပြည်သူတွေကကော သဘာဝ ပတ်ဝန်းကျင် မပျက်စီးဖို့ ဘာလုပ်သင့်ကြသလဲ။

ကျနော် အချုပ်ပဲပြောမယ်နော်။ ဟာ ခင်ဗျား ဒါမလုပ်ပါနဲ့၊ သစ်မခုတ်ပါနဲ့ ဟိုဟာ မလုပ်ပါနဲ့ ပြောရင် အများကြီးပဲဗျ။ ပတ်ဝန်းကျင်နဲ့ ပတ်သက်နေတာတွေက အများကြီးပဲ။ အချုပ်က ဘာလဲဆိုတော့ ဥပမာ ပြောရရင် ဒီနှစ်ပေ့ါ မတ်လ ၂၃ ရက်နေ့က ကမ္ဘာ့မိုးလေဝသနေ့၊ ကမ္ဘာ့မိုးလေဝသနေ့က နှစ်တိုင်းကျင်းပတယ်။ ကျင်းပတိုင်းလည်း လက်ရှိဖြစ်နေတဲ့ အနေအထားတွေပေါ်မှာ ခြုံငုံပြီးတာ့ အရေးကြီးဆုံး ကိစ္စတစ်ရပ်ကို Highlight လုပ်တဲ့အနေနဲ့ သူက ဆောင်ပုဒ်လုပ်ပြီးတော့ ကျင်းပတယ်။

အခုနမေးခွန်းရဲ့ အဖြေက အဲမှာရှိတယ်။ ကနေ့ အရေးကြီးဆုံးဟာကို ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ဒီနှစ်အတွက် ဆောင်ပုဒ် သတ်မှတ်ထားတယ်။ အဲဒီဆောင်ပုဒ်က ဘာလဲဆိုတော့ Climate Knowledge for Climate Action ၊ ရာသီဥတုနဲ့ ပတ်သက်ပြီးတော့ လုပ်စရာအလုပ်တွေ သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အားလုံးက လုပ်စရာတွေ အများကြီးပဲ။ ဒါပေမဲ့ ဒီအလုပ်တွေ လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတာ Knowledge ပဲ။ ကျနော်ကတော့ တစ်ခွန်းထဲဖြေမယ်။ Climate Knowledge ဖြစ်အောင်ပဲ အားလုံးကြိုးစားကြပါ ဒါပါပဲ။

လူထုမှာလဲ Climate Knowledge Public Education တွေပေးရမယ်။ နားလည်အောင်ပြောပြရမယ်။ တစ်ဖြည်းဖြည်းနဲ့ နားလည် အောင်ပြောပြတဲ့ လူတစ်ယောက်က ပြေးဟေ့ဆိုရင် ချက်ချင်းထပြေးတယ်။ ပြောမထားတဲ့ လူတစ်ယေက်က ပြေးဟေ့ဆိုလဲ ဘာလဲ ဘာဖြစ်လို့လဲ။ နာဂစ်ကြည့်ပေ့ါဗျာ။ ဘယ်သူပြေးလည်း ဘယ်သူမှမပြေးဘူး။ အဲဒါဘာဖြစ်လို့လဲ Knowledge မရှိလို့။ ကျနော့်အမြင်ကတော့ Knowledge ဖြစ်အောင် ကျနော်တို့ လုပ်ဖို့လိုပါတယ်။

 

အခြားနိုင်ငံတွေကို ကျနော်တို့ ကြည့်လို့ရှိရင် သူတို့သစ်ပင်တွေကို တော်တော် တန်ဖိုးထားတယ်။ သေသေချာချာ စိုက်ပျိုးတယ်။ ဥပမာ စင်္ကာပူတို့ တရုတ်တောင်မှ အဲဒါမျိုးလုပ်တယ်။ ကျနော်တို့မှာ အခုကျနော်တို့ လမ်းဘေးဘက်ကို ကြည့်မယ်ဆိုရင် ကွန်ကရစ်ခင်းနေတယ် ဆိုလည်း မလွတ်ဘူးဆို ဗြုန်းခနဲဒိုင်းခနဲ လဲှချလိုက်တာပဲ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆရာနည်းနည်းပြောပါဦးဆရာ။

နံပါတ် တစ် က ဘာဖြစ်လဲ။ စည်းကမ်းနော် စည်းကမ်း မလိုက်နာတဲ့လူကလည်း မလိုက်နာဘူး။ စည်းကမ်းကို အကောင်အထည် ဖော်ရမယ့် တာဝန်ရှိတဲ့ သူကလည်း ဒီစည်းကမ်းအတိုင်း အရေးမယူဘူး။  အများကြီးပေ့ါ။ အဲဒီတော့ ဒီမြို့ပြနဲ့ ပတ်သက်ပြီးတော့ အရေးကြီးမှန်း ကျနော်သိပါတယ်။

အခု တံတားတွေဆောက်နေတယ်၊ တစ်ချို့ကလည်း ကောင်းတယ်ပြောတယ်။ တစ်ချို့က ပိုဆိုးသွားတယ် ပြောတယ်။ ဒါပေမဲ့ သေချာတာတော့ ပညာရှင်လုံလောက်မှုတော့ မရှိဘူးဆိုတာက တော့ သေချာတာပေ့ါဗျာ။ ဥပမာအားဖြင့် ကျနော်သိတာလေး တစ်ခုပြောပြမယ်ဗျာ၊ ခုံးကျော် တံတား သုံးခုလေးခုလောက် တစ်ပြိုင်တည်းဆောက်တယ်ဗျာ သေရောပေ့ါ ဒီမြို့က မဟုတ်ဘူးလား။ တစ်ခုပြီးမှ တစ်ခုလည်းမဟုတ်ဘူး။ အဲဒီတော့ ပညာကိုသာ ဦးစားပေးပါဗျာ ကျနော်မြင်တယ် အစစအရာရာ အဆင်ပြေသွားပါလိမ့်မယ်။

 

ပြုပြင်ပြောင်းလဲဖို့ပဲဖြစ်ဖြစ်၊ ပြုပြင်ပြောင်းလဲရေးဆိုတာ ပြောင်းလဲရေးတော့ စနေပြီ။ အဲဒီတော့ ကျနော်တို့က ထပ်ပြီးတော့ ဘာတွေများ လိုအပ်ချက်ရှိနေလဲ ရာသီဥတုနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ပဲ ဖြစ်ဖြစ်ပေါ့။

နံပါတ်တစ်ကတော့ ပြောင်းလဲတယ်ဆိုတာကိုတော့ ကျနော်တို့က ပြောင်းလဲနေပြီလို့ကို လက်ခံ ရမှာပဲ၊ မပြောင်းလဲသေးလဲ ပြောင်းလဲပြီပဲ။ ဘာကြောင့်လဲ ကိုယ်ကိုယ်တိုင်ကလည်း ပြောင်းလဲ အောင်တော့ တွန်းရမှာပဲ။ ဝိုင်းတွန်းရင်တော့ ရွေ့တယ်ဆိုတဲ့ စကားလိုပေ့ါ။ ကျနော်တို့ ဝိုင်းတွန်းရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မပြောင်းလို့မှ မဖြစ်မှ မဖြစ်တော့တာ။ အစစအရာရာ နောက်ကျနေမယ် ပညာရေးမှာလည်း နောက်ကျတယ်။ နောက် လူတွေရဲ့ စီးပွားရေး၊ နေရေး၊ ထိုင်ရေး ဒါအားလုံးက သိတဲ့အတိုင်းပဲပေ့ါနော် ဆိုတော့ ကျနော်တို့က ပြောင်းလဲတယ်လို့တော့ ခံယူပါ။ ပြောင်းအောင်လည်း ဝိုင်းလုပ်ကြပါပေ့ါ။ ဒီတစ်ရွေ့ဟာ သမိုင်း တစ်ရွေ့တစ်ခုဖြစ်အောင်ပေါ့နော်။ တည့်မတ်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီးတော့ အားလုံး ပျော်ပျော်ရွင်ရွင်နဲ့ ပညာကို ဦးစားပေးတဲ့ ခေတ်တစ်ခုတော့ မြန်မာပြည်မှာ ရှိလာမယ်လို့ ကျနော်တို့ က မျှော်လင့်တယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ တစ်ခုလုံး မကပါဘူး အာရှမှာတောင် လက်မထောင်နိုင်တဲ့ နိုင်ငံဖြစ်မယ်ဆိုတာ လုံးဝယုံကြည်တယ်။ လူမျိုးကတော့ မညံ့ဘူးဆိုတာ သေချာတယ်။ ကျနော်တို့ လိုချင်တာ စနစ်ကောင်းဖို့ပါပဲ။ အဲဒီစနစ်ကောင်းဖို့အတွက် ဒါဘယ်သူ့ကိုမှ ထိခိုက်စော်ကားခြင်း မဟုတ်ဘဲနဲ့ တိုင်းပြည် ကောင်းစားရေး အတွက်ပေါ့နော်။ နောင်လာ နောင်သားတွေလည်း ကောင်းစား ရေးအတွက် လူရယ်လို့ဖြစ်လာတဲ့အခါမှာ လူလိုပေ့ါနော် ကျနော်တို့ နေနိုင်ဖို့ကို ဒီမိုကရစီစနစ်ကို လည်း ဒီမိုကရေစီကျကျ နေနိုင်ဖို့ အရေးကြီးဆုံးက ဒီနိုင်ငံမှာ အလိုချင်ဆုံးက တရားဥပဒေ စိုးမိုးရေးပဲ။ ကျနော်အဲဒါအလိုချင်ဆုံးနော်။ တရားဥပဒေသာ စိုးမိုးနေရင် ဘယ်သူမှ မဟုတ်တာ လုပ်လို့မရဘူး။ လမ်းပြောင်းပြန်လည်း မောင်းလို့မရဘူး။ မဟုတ်လားနော်။ လုပ်ချင်ရာလုပ်ပြီးတော့ ပါးရိုက်ချင်တိုင်းလည်း ရိုက်လို့မရဘူး ဟုတ်လား တရားဥပဒေ စိုးမိုးဖို့သာ နံပါတ်တစ်က အဓိက။

နံပါတ်နှစ်က ပြည်သူ လူထုပညာတတ်ဖို့ အဓိက။ ဆိုတော့ အဲဒီနှစ်ခု ကျနော်တို့ ထွန်းကားဖို့ ကျနော်တို့ ဝိုင်းပြီးတော့ ကြိုးစားသင့် ပါတယ်နော်။ ကျနော်အနေနဲ့ကတော့ အသက်က ၇၀ လောက် ကပ်နေပြီ၊ ဒါပေမဲ့ ကနေ့အချိန်အထိ တတ်နိုင်သမျှကတော့ ကျနော် လုပ်နေတုန်း ပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required